Home
မြန်မာသတင်း
ကရင်ပြည်နယ်နေ့ ပွဲကို ဘားအံတွင်  လုံခြုံရေးတင်းကျပ် ကျင်းပ
DVB
·
November 7, 2024

၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်းအမှတ်ပွဲတော်ကို ကရင်ပြည်နယ် မြို့တော် ဘားအံမှာ  လုံခြုံရေးပိုတိုးမြှင့်ပြီး တင်းတင်းကျပ်ကျပ်နဲ့  စစ်ကောင်စီက ကျင်းပနေတယ်လို့ ဘားအံမြို့ခံတွေက ပြောပါတယ်။

ဘားအံမြို့၊ သိရီကွင်းမှာ စစ်ကောင်စီက ပြုလုပ်နေတဲ့ ၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ အထိမ်း အမှတ်ပွဲတော်ကို စစ်ကောင်စီတပ်၊ BGF၊ ရဲတပ်ဖွဲ့ဝင်တွေ အင်အားအများအပြား လုံခြုံရေးရယူထားတဲ့အပြင်၊ မြို့ဝင်မြို့ထွက် စစ်ဆေးရေးဂိတ်တွေမှာ တင်းကျပ် စစ်ဆေး နေပါတယ်။

နိုဝင်ဘာ ၇ ရက် ဒီနေ့ ပြုလုပ်တဲ့ ကရင်ပြည်နယ်နေ့အခမ်းအနားနဲ့ အထိမ်းအမှတ်မုခ်ဦး ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော် အဆင့် ဖိတ်ကြားထားသူတွေ၊ စစ်တိုင်းမှူး၊ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်ကောင်စီတပ်ဖွဲ့နဲ့ နီးစပ်သူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ လောက်ပဲ တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားအစည်းအရုံး(KNU)ဘက်က ခေါင်းဆောင်ပိုင်းတွေ တက်ရောက်တာ မရှိခဲ့ပါဘူး။

မြို့ဝင်မြို့ထွက်နဲ့  နေရာအားလုံးလိုလိုမှာ လုံခြုံရေးပိုတိုးပြီး စစ်ဆေးနေတယ်လို့ အခမ်းအနားတက်ရောက်ခဲ့တဲ့  မြို့မိမြို့ဖတယောက်က ပြောပါတယ်။

“အရင်ကဆိုရင် ဖွင့်ပွဲဆိုရင် အကုန်လုံးလာကြတယ်။ အပြင်လူတွေကော၊ အတွင်းလူတွေကော အကုန်လုံးလာတယ်။ အခုကတော့ အခမ်းအနားကို ဖိတ်ကြားထားတဲ့ အုပ်စုတွေလောက်ပဲ။ ပြည်သူတွေက အရမ်းမတက်ရဲဘူး။ လုံခြုံရေးကတော့ ပိုတိုးတယ်။ အထွက်အဝင်တွေတော့ တအားစစ်တယ်။ BGF နဲ့ပူးပေါင်းစစ်တယ်။”

ကရင်ပြည်နယ်နေ့ အထိမ်းအမှတ် ပွဲတော်ကို နိုဝင်ဘာ ၇  ရက်က စတင်ပြီး ၁၁ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပွဲတော်အတွင်း ကရင်ဒုံးအကပြိုင်ပွဲနဲ့ စစ်ကောင်စီဌာနဆိုင်ရာပြခန်းတွေ ပြသထားပေမဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ပြခန်းတွေ မပါဝင်ခဲ့ပါဘူး။ 

ကရင်ပြည်နယ်နေ့ ပြခန်းတွေကို အရပ်သားအစိုးရလက်ထက်က ဌာနဆိုင်ရာအပြင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့  ပူးပေါင်းလုပ်ဆောင်မှုတွေ အားကောင်းခဲ့ပြီး အခု ပူးပေါင်းပါဝင်ဖို့က မပါဝင်ရဲဘူးလို့ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။

ကရင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး တယောက်က “အရင်တုန်းကတော့ ပြခန်းတွေဆိုရင် ဒေသက လုပ်ငန်းရှင်တွေနဲ့ချိတ်ဆက်မှုအားကောင်းတယ်လေ။ အခု ချိတ်ဆက်မှုလုပ်တာကို မတွေ့ရဘူး။ ဌာနဆိုင်ရာတွေကပဲ သူကိုယ်တိုင် ဦးဆောင်ပြီးလုပ်ကြတာမျိုးတွေ မြင်တယ်။ ကျမတို့ကတော့ ဒေသမှာနေတဲ့အခါကျတော့ သူတို့ဆီက လိုအပ်လို့ခေါ်ရင်သွားရတာမျိုး ရှိတာပေါ့။ အရင်တုန်းကလိုမျိုး စည်စည်ကားကားနဲ့ တက်တက်ကြွကြွနဲ့ပါဝင်ပူးပေါင်းဖို့ကတော့ မရဲဘူး”လို့ ပြောပါတယ်။

နိုင်ငံတဝန်းနဲ့ကရင်ပြည်နယ်နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတိုက်ပွဲတို့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ဒေသခံတွေအနေနဲ့  နိုင်ငံရေးအခြေအနေနဲ့ ဗုံးပေါက်ကွဲမှုတွေဖြစ်လာမှာကို စိုးရိမ်ပြီး ကရင်ပြည်နယ်နေ့‌ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲတွေကို  မသွားဘူးလို့ ပြောပါတယ်။

ဘားအံဒေသခံတယောက်က “ကရင်ပြည်နယ်နေ့အခမ်းအနားက နိုင်ငံရေးမကောင်းတော့ မသွားတော့ဘူး။ အရင်တုန်းက နှစ်တိုင်း နေ့တိုင်းလိုလိုသွားတယ်။ လုံခြုံရေးလည်း တင်းကျပ်ထားတယ်။ အခုက အခြေအနေတွေက မကောင်းဘူးဆိုတော့ ပြည်သူတွေက အရင်တုန်းကလို ပျော်ပျော်ရွှင် မသွားရဲကြဘူး။  စစ်ဆေးရေးတွေကလည်း အရမ်းတင်းကျပ်တယ်။ ရွာပြန်ရင် စစ်ဆေးရေးဂိတ်တွေ ပိုပြီးချထားတယ်။  ဗုံးဖောက်ခွဲမှာတွေ ကြောက်ရတယ်။ ပြည်သူတွေက အရင်လိုလွတ်လွတ်လပ်လပ်မရှိတော့ဘူး”လို့ ပြောပါတယ်။

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစပြီး  ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ ကရင်ပြည်နယ်အတွင်း နှစ်ဖက်တိုက်ပွဲတွေ၊ စစ်ကောင်စီရဲ့ မြေပြင်နဲ့ဝေဟင်က တိုက်ခိုက်တာ၊ ကျေးရွာတွေအတွင်းဝင်ရောက် ဖမ်းဆီး သတ်ဖြတ်တာတွေကြောင့် ဒေသခံပြည်သူ ၁၀ သိန်း ကျော်ဟာ နေအိမ်စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့  ကရင်အမျိုးသမီး အစည်းအရုံး (KWO) တာဝန်ရှိသူက ပြောပါတယ်။

 အောင်ခန့်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013