တက္ကသိုလ်ဝင်စာမေးပွဲကျင်းပနေပေမဲ့ ရန်ကုန်မှာမီးမှန်အောင်မပေးဘူးလို့ ရန်ကုန်မြို့ခံ ပြည်သူတွေက ပြောပါတယ်။
“အဓိက စာကျက်ချိန်က ညပိုင်းလေ။ ညပိုင်းတွေကျ မီးဖြတ်ပြီး နေ့လယ်ပိုင်းလာနေတာမျိုးတွေဖြစ်နေတာ။ ညမှပေးမယ်ဆိုရင်လည်း ညပိုင်းကိုပဲ ဦးစားပေး မီးပေးတာမျိုးမရှိဘူး။ ခေတ်အဆက်ဆက် ဘယ်လောက်မီးဖြတ်ဖြတ်၊ ဆယ်တန်း စာမေးပွဲကျင်းပချိန်ဆိုရင် မီးပုံမှန်လာတယ်။ အခုက ညလည်းလာချင်ရင်လာတယ်၊ နေ့လည်း လာချင်ရင်လာနေတာ” လို့ မြောက်ဥက္ကလာပမြို့နယ်၊ ဥက္ကာ ၄ လမ်းမှာ နေထိုင်သူ ကျောင်းသားမိဘတဦးက ပြောပါတယ်။
စစ်ဗိုလ်ချုပ်တဦးဖြစ်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်နဲ့ NLD အစိုးရလက်ထက်တွေမှာ တက္ကသိုလ်ဝင် စာမေးပွဲကာလဆိုရင် ညပိုင်းတွေမှာ လျှပ်စစ်မီးပုံမှန်ရရှိစေဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။
စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်လက်ထက်မှာတော့ စာမေးပွဲကာလတွေအတွင်း လျှပ်စစ်မီးပုံမှန်ပေးနိုင်ဖို့အတွက် စက်ရုံ၊ အလုပ်ရုံတွေညပိုင်း အလုပ်မလုပ်ဖို့နဲ့ လျှပ်စစ်မီး အသုံးမပြုဖို့အတွက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနက မနှစ်ကအထိ ထုတ်ပြန်ကြေညာမှုတွေပြုလုပ်ကာ မီးလာအောင် လုပ်ဆောင်ပေးခဲ့ပါသေးတယ်။
“မနှစ်ကအထိ စာမေးပွဲဖြေရင် ညပိုင်းဆို မီးပုံမှန်လာတယ်။ အခုက လာလိုက်၊ မလာလိုက်နဲ့။ ပုံမှန် ၄ နာရီခြားတခါ မီးပေးတဲ့ပုံစံမျိုးလည်း မဟုတ်ပြန်ဘူး။ မီးလာပြီဆိုတာနဲ့ မီးလုံးကို အားသွင်းထားရတော့တာပဲ” လို့ အင်းစိန်မြို့နယ်၊ မြို့သစ်ဈေးအနီးနေ စာမေးပွဲဖြေဆိုနေသူတဦးက ပြောပါတယ်။
ဒီလိုမီးမမှန်တဲ့ အခြေအနေတွေကြောင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသူတွေဟာ အားသွင်းလျှပ်စစ်မီးသီး၊ မီးချောင်းတွေကို ကြိုတင်ဝယ်ယူထားရတယ်လို့လည်း ပြောပါတယ်။