မကွေးတိုင်း၊ မကွေးမြို့၊ မယ်လှတောင်ရွာမှာ မတ် ၁၃ ရက်က အမျိုးသားတဦး ထန်းပင်ပေါ်က ခြေချော်ပြုတ်ကျပြီး သေဆုံးခဲ့တယ်လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံက သိရပါတယ်။
ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက “သူ ထန်းပင်ပေါ်က ပြုတ်ကျသွားတာကို ဆိတ်ကျောင်းသမားလေးက တွေ့ပြီး ကျနော်တို့ကို သတင်းပို့ပေးခဲ့တာပါ။ ထန်းပင် ပေ ၂၀ လောက်က ခြေချော်ပြုတ်ကျပြီး ဦးခေါင်းနောက်စေ့ပွင့် ဒဏ်ရာနဲ့ သေသွားတာ။ တခြားဒဏ်ရာက ခါးကြားမှာ သူထိုးထားတဲ့ဓားနဲ့ ပြန်ခြစ်မိတာရှိတယ်” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသားဟာ မနက် ၅ နာရီကျော်က ဟင်းစားရှာမယ်ဆိုပြီး နေအိမ်က ထွက်သွားတာဖြစ်ပြီး ထန်းပင်တက်သမားမဟုတ်ဘဲ တက်တာကြောင့် ခြေချော်ပြီး ပြုတ်ကျသေဆုံးသွားတာဖြစ်တယ်လို့ သူ့ရဲ့ဇနီးက ဆိုပါတယ်။
ထန်းပင်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားတဲ့ ကိုဗိုလ်ရဲရဲ့ အလောင်းကို ပရဟိမင်းခေါင် ရှာဖွေကယ်ဆယ်ရေးအသင်းက မကွေးပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ပါတယ်။