ထိုင်းနိုင်ငံမှာ ရာဇဝတ်မှုမျိုးစုံကို ကာကွယ်တားဆီးဖို့ နယ်ခြားစောင့်တပ် ရဲချုပ်က ညွှန်ကြားချက် အရေးပေါ် ပေးပို့ထားတဲ့အတွက်ကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ ခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေ စိုးရိမ်ပူပန်နေကြပါတယ်။
ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာရှိတဲ့ နယ်မြေဒေသ ၇ ခုက နယ်ခြားစောင့်တပ်တွေထံ ချက်ချင်းလိုက်နာ အကောင်အထည်ဖော် ဆောင်ရွက်ရန် ဆိုတဲ့ ညွှန်ကြားချက်ပါ စာတစောင်ကို ထိုင်းနယ်ခြားစောင့်တပ် ရဲချုပ်က မတ် ၁၂ ရက် နေ့စွဲနဲ့ ပေးပို့ထားတယ်လို့ သိရပါတယ်။
ညွှန်ကြားချက်ထဲမှာ ရာဇဝတ်မှုမျိုးစုံကို ကာကွယ်တားဆီးဖို့ နယ်ခြားစောင့်တပ် ရဲချုပ်ရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ တရားမဝင် အလုပ်သမားတွေ ဝင်ရောက်လာမှုကို တားဆီးဖို့၊ စစ်ဆေးရေးဂိတ်တွေကို တင်းကျပ်စောင့်ကြည့် စစ်ဆေးဖို့တို့ အဓိကပါရှိပြီး တည်ဆဲဥပဒေတွေကို မလိုက်နာရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။
အခုလို ဆက်တိုက်ထုတ်ပြန်လာတဲ့ ထိုင်းနိုင်ငံမူဝါဒနဲ့ ညွှန်ကြားချက်တွေကြောင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုလှုံသူ မြန်မာနိုင်ငံသားတွေအနေနဲ့ အခြေအနေတွေ ပိုဆိုးလာမှာကို စိုးရိမ်ပူပန်နေကြတယ်လို့ သိရပါတယ်။
နယ်စပ်နေ မြန်မာအမျိုးသမီးတဦးက “အခုလက်ရှိက ကျမတို့ မြန်မာနိုင်ငံ မလုံခြုံဘူး။ မလုံခြုံလို့ ကျမတို့က ထိုင်းနိုင်ငံ နယ်စပ်ဘက်မှာပေါ့၊ ပြောရရင် တရားမဝင်လာပြီး နေထိုင်နေရတဲ့ အခြေအနေ၊ အဲလိုမှာမှ အကြောင်းအမျိုးမျိုးကြောင့် ကျမတို့ရဲ့ နေထိုင်မှုက ပိုပြီး မလုံခြုံမှုတွေ ပိုဖြစ်လာတယ်။ အဲလို လာနေနေတဲ့ အခြေအနေမှာမှ အဖမ်းအဆီးတွေက ဒီထက်ပိုပြီးတော့ များလာနိုင်တယ်၊ စိပ်လာနိုင်တယ်၊ ပိုဆိုးလာနိုင်တယ်ဆိုတော့ ကျမတို့မှာ အိမ်ထဲက အိမ်ပြင်တောင် ထွက်ဖို့ တော်တော်ကို စဉ်းစားနေရတာပေါ့။ အဲလိုအနေအထားနဲ့ ကျမတို့ မြန်မာတွေ ဘယ်လို ဆက်ပြီးတော့ ဖြတ်ကျော်ရမလဲဆိုတာ စဉ်းစားလို့မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ကျမတို့တွေ အဖမ်းမခံရအောင် ဘယ်လိုနေရမလဲ၊ ဘယ်လိုအခြေအနေ လုပ်ရမလဲ ဆိုတာ အမြဲတွေးပူနေရတာကိုး” လို့ ပြောပါတယ်။
မတ်လ ပထမပတ်ထဲမှာ မြန်မာနိုင်ငံ မြဝတီဘက်မှာ တိုက်ပွဲပြင်းထန်လာနဲ့ တရားမဝင် ဝင်ရောက်တာတွေ များလာတာကြောင့် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ရွှေ့ပြောင်းဒုက္ခသည်အရေး ကူညီနေသူတွေက ပြောပါတယ်။
ကန်ချနဘူရီ၊ ကော့သောင်း-ရနောင်း၊ မြဝတီ-မဲဆောက်၊ တာချီလိတ်-မဲဆိုင်၊ စံခ၊ ဝပ်ထီးခီး စတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်က ဝင်လာမယ့် မြန်မာနိုင်ငံသားတွေအနေနဲ့ သတိထားဖို့ကိုလည်း မြန်မာအလုပ်သမားအရေး ကူညီပေးနေတဲ့ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ မဲဆောက်ရုံးတာဝန်ခံ ဦးမိုးကျော်က ပြောပါတယ်။
“လူထုက သူတို့နီးစပ်ရာ နေရာတွေကနေ ဝင်ထွက်သွားလာနေတာတွေ ရှိတာကြောင့် ထိုင်းက ဒါကို သိတဲ့အခါကျတော့ နယ်စပ်ကို တင်းတင်းကျပ်ကျပ် လုပ်မယ်ပေါ့။ ပြီးတော့ ထိုင်းဝန်ကြီးချုပ် ကိုယ်တိုင်က ပြောထားတာပဲလေ၊ တရားမဝင် ဝင်ရောက်လာတဲ့သူတွေကို ဖမ်းဆီးအရေးယူမယ်ဆိုတာ ပြောထားတာတော့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်ပေါ့။ အဲဒီဘက်တွေမှာ လုံခြုံရေးတိုးချမယ်ဆိုတာ ကျနော်တို့သိတယ်။ အခု ညွှန်ကြားချက်တွေ ထုတ်ပြန်တာနဲ့ တပြိုင်နက် မြေပြင်မှာ ကျနော်တို့ တွေ့နေရတာ ပိုပြီး အင်အားတိုးချဲ့လာတယ်။ သံချပ်ကာကားတွေနဲ့ နယ်စပ်ကို ကင်းလှည့်တာတွေရှိတယ်။ လက်နက်အပြည့်အစုံနဲ့ နယ်စပ်တလျှောက်မှာ လုံခြုံရေးချတာတွေ ရှိလာတယ်။ ဒါကတော့ ဖြစ်လေ့ဖြစ်ထရှိတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေး လှုပ်လှုပ်ခတ်ခတ်ဖြစ်တဲ့ အချိန်မျိုးမှာ အများစု လုပ်တတ်တာကို တွေ့ရပါတယ်။”
ထိုင်းနိုင်ငံရဲ့ နယ်စပ်လုံခြုံရေးလို့ ဆိုပေမဲ့ မြန်မာနိုင်ငံကနေ စစ်ဘေးဒုက္ခသည်အနေနဲ့ နိုင်ငံကူးပြောင်း ခိုလှုံလာသူတွေကို လူသားချင်း စာနာထောက်ထားမှု အကူညီပေးရေးအနေနဲ့ ထည့်သွင်းစဉ်းစားပေးဖို့ကိုလည်း ဦးမိုးကျော်က တိုက်တွန်းပြောပါတယ်။
“အမျိုးသားလုံခြုံရေးအတွက်ကို ကာကွယ်တာ သဘာဝကျပါတယ်။ သို့သော်လည်း ကျနော်တို့ မြန်မာနိုင်ငံက ဘာကြောင့် ဒီလိုထွက်ခွာလာရလဲ၊ ဘယ်လိုတွေကြောင့် တခြားနိုင်ငံကို အလုံးအရင်းတွေနဲ့ ဝင်ရောက်လာရလဲ ဆိုတာကိုတော့ နိုင်ငံတကာကရော အာဆီယံ နိုင်ငံတွေကပါ သီးခြား ဒီရဲ့အဖြေကို ရှာဖို့လိုတယ်။ ပိုပြီးတော့ ကောင်းမွန်တဲ့ ဖြေရှင်းမှုမျိုးတွေ၊ လူသားချင်းစာနာမှုကိစ္စတွေကို ဦးတည်ပြီးတော့ ဖြေရှင်းဖို့လိုတယ်။”
မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေ အာဏာစတည်ပြီးနောက် ထိုင်းနိုင်ငံဘက်ကို တရားဝင်ရော တရားမဝင်ပါ ဝင်ရောက်နေထိုင်သူတွေ များပြားလာနေပါတယ်။ ၂၀၂၄ ဖေဖော်ဝါရီနဲ့ မတ်လ ပထမပတ်အထိ တရားမဝင် နယ်စပ်ဖြတ်ကျော်တဲ့အတွက် အဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ထောင်ချီရှိနေပြီလို့ အလုပ်သမားအရေး ကူညီနေသူတွေဆီက သိရပါတယ်။
ဝေဝေ