စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကရင်ပြည်နယ်၊ မြဝတီမြို့အနီး ကျေးရွာတွေက ဒေသခံပြည်သူ ၂,၀၀၀ လောက် မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ဘေးမှာ စစ်ဘေးရှောင်နေကြရပါတယ်။
မြဝတီမြို့တောင်ဘက်က စစ်ကောင်စီရဲ့ ဖလူးတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက မတ် ၁၁ ရက် ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဖလူးစခန်းနဲ့ ပတ်ဝန်းကျင်းရွာတွေထဲကို စစ်တပ်က လေယာဉ်နဲ့ အဆက်မပြတ် ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ်နေတာပါ။
ပစ်ခတ်မှုတွေကြောင့် မင်းလက်ပံ၊ ထီမယ်ဝါးခီးနဲ့၊ ဖလူးရွာဘက်တွေက စစ်ရှောင်ဒုက္ခသည်တွေ သောင်ရင်းမြစ်ဘေးက ကိုင်းတောတွေနဲ့ သဲသောင်ပြင်တွေမှာ ထွက်ပြေးခိုလှုံ နေထိုင်နေရပါတယ်။
တိုက်ပွဲကြီးကြီးမားမား မဖြစ်တာကြောင့် ထိုင်းနိုင်ငံဘက်ကလည်း နယ်စပ်ဖြတ်ကျော် ကူးခွင့်မပေးလို့ စစ်ရှောင်တွေ ထိတ်လန့်စွာနဲ့ မြစ်ကမ်းဘေးမှာ နေနေရတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။
ဖလူးနဲ့ ပတ်ဝန်းကျင်ရွာတွေက ဒေသခံတွေကတော့ အရင်ကရှိပြီးသား စစ်ေရှာင်စခန်းတွေမှာ ရသလောက် နေထိုင်နေကြပြီး နေရာမလောက်တာကြောင့် တချို့ကတော့ ကမ်းစပ်တွေမှာ ဖျာတွေ၊ တာလပတ်တွေခင်းပြီး နေနေရတယ်လို့ စစ်ဘေးရှောင် ကူညီပေးနေသူတဦးက ပြောပါတယ်။
စစ်ဘေးရှောင် ၂,၀၀၀ ကျော်အတွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေပြီး သောင်ပြင်ပူပူမှာ စစ်ဘေးရှောင်နေရလို့ ဆီးချိုနဲ့ သွေးတိုးရောဂါရှိတဲ့ သက်ကြီးရွယ်အိုတွေ အတွက် စိုးရိမ်နေရပါတယ်။
လူကြီးတွေအများစုက ထိုင်းနိုင်ငံဘက်ကိုလည်း မသွားချင်ကြသူတွေများပြီး ခဏတာ ခိုလှုံကာ ကိုယ့်ဒေသကိုပဲ ကိုယ်ပြန်ချင်ကြတာလို့ ပလောတပို့ စစ်ဘေးရှောင်စခန်း တာဝန်ခံ နော်ဖောလွဲက ပြောပါတယ်။
လတ်တလောမှာတော့ ထိုင်းနိုင်ငံဘက်ကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရောက်လှူဒါန်းတာတွေ ရှိနေပေမဲ့ နေ့စဉ်တိုးလာတဲ့ လူဦးရေကြောင့် လက်ရှိ ပလောတပို့ စစ်ဘေးရှောင်စခန်းမှာလည်း နေရာမလောက်လို့ ဒုက္ခသည်တွေ ကမ်းစပ် သောင်ပြင်နဲ့ ကိုင်းတောတွေထဲမှာ နေထိုင်နေကြရပါတယ်။
မတ် ၁၂ ရက်အထိ စာရင်းအရ အဲ့ဒီတနေရာတည်းမှာပဲ အရင်ကတည်းက စစ်ဘေးရှောင်နေသူ ၉,၂၂ ဦးနဲ့ အခုရက်ပိုင်း ရောက်လာသူ ၁,၄၇၆ ဦး စုစုပေါင်း ၂,၃၉၈ ဦး အထိ ရှိလာပြီလို့ စခန်းတာဝန်ရှိသူတွေထံက သိရပါတယ်။
မင်းညို