ဝါရင့်မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက် ညီလာခံကို ဒီဇင်ဘာ ၂၅ ရက်နေ့ကစပြီး ပါတီဗဟိုဌာနချုပ်ရုံးစိုက် ရေးချောင်းဖျားဒေသမှာ စတင်ကျင်းပနေတယ်လို့ မွန်ပြည်သစ်ပါတီ NMSP က ထုတ်ပြန်ပါတယ်။
ဒီနှစ်မှာ ကျင်းပတဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက်ညီလာခံကို ပါတီဥက္ကဋ္ဌ နိုင်ဟံသာ၊ ဒုတိယ ဥက္ကဋ္ဌ နိုင်အောင်မင်းအပါအဝင် လူသိများနေတဲ့ ကိုရင်လေးဆရာတော်နဲ့ မွန်သံဃာတော် ၆ ပါးတို့က သဘာပတိအဖြစ် ဆောင်ရွက်နေတာပါ။
အချိန်တလနီးပါးကြာ ကျင်းပဖို့ ပြင်ဆင်ထားတဲ့ ပါတီညီလာခံကို ပါတီဗဟိုအလုပ်ဆောင်မှုအဖွဲ့ဝင်တွေ၊ ပါတီဝင်တွေ၊ ပညာရှင်အကြံပေးတွေ၊ လေ့လာသူတွေအပါအဝင် စုစုပေါင်း ၁၅၂ ဦး တက်ရောက်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
၁၁ ကြိမ်မြောက် မွန်ပြည်သစ်ပါတီရဲ့ ညီလာခံကနေ လူငယ်၊ အမျိုးသမီး၊ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာ စတဲ့ကဏ္ဍတွေကနေ ဗဟိုကော်မတီဝင် ၆ ဦး တိုးမြှင့်ရွေးချယ်သွားဖို့ရှိတယ်လို့ မွန်ပြည်သစ်ပါတီထံကနေ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ၁၀ ကြိမ်မြောက် ပါတီညီလာခံကို ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၉ ဦး၊ ဗဟိုကော်မတီဝင် ၃၃ ဦး၊ အရန်ဗဟိုကော်မတီဝင် ၅ ဦးတို့ကို မဲပေးရွေးချယ်ခဲ့တာပါ။
၁၀ ကြိမ်မြောက်ညီလာခံမှာတော့ ပါတီဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌအဖြစ် ဒုဥက္ကဋ္ဌ နိုင်အောင်မင်း၊ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ တွဲဖက်အတွင်းရေးမှူး နိုင်ဝင်းလှတို့ကို ရွေးချယ်ခဲ့တာပါ။
မွန်ပြည်သစ်ပါတီဟာ မွန်လူငယ်တွေအပါအဝင် မွန်အရပ်ဘက်အဖွဲ့အစည်းတွေ ကန့်ကွက်နေတဲ့ ကြားကနေ စစ်ကောင်စီနဲ့ တဖွဲ့ချင်းဖြစ်စေ၊ အုပ်စုအလိုက်ဖြစ်စေ ၆ ကြိမ်ထက်မနည်း သွားရောက်တွေ့ဆုံထားပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ဇူလိုင်လကစပြီး စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်တယ်လို့ မွန်ပြည်သစ်ပါတီဘက်က ထုတ်ပြန်ထားပါတယ်။
မွန်ပြည်သစ်ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လားဟူဒီမိုကရက်တစ်အစည်းအရုံးနဲ့အတူ NCA စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတခုလည်း ဖြစ်ပါတယ်။