Home
မြန်မာသတင်း
ပင်လောင်း-ဖယ်ခုံအစပ်က ကျေးရွာများတွင် စစ်တပ်က စပါးခင်းများကိုရိတ်ပြီး မီးရှို့ 
DVB
·
November 7, 2024

တိုက်ပွဲပြင်းထန်နေတဲ့ ပင်လောင်း-ဖယ်ခုံအစပ်က ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေက စပါးတွေ ဝင်ရိတ်ပြီး မီးတင်ရှို့နေတဲ့အတွက် ကျေးရွာ ၉ ရွာလောက်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်-ဖယ်ခုံအစပ်မှာ ဒီရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နဲ့ (PNO) ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ ကရင်နီတော်လှန်ရေးတပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ 

တိုက်ပွဲတွေဖြစ်နေတဲ့ ဗန်းမောက်ရွာ၊ ကုန်းပေါရွာ၊ လွယ်ထွယ်ရွာနဲ့ ဆောင်လန်ရွာအပါ၀င် ရွာ ၉ ရွာလောက်က ဒေသခံတွေဟာ နေ့ရပ်စွန့်ခွာထွက်ပြေးနေရပါတယ်။

အဲ့ဒီလို ရွာတွေကို စွန့်ပြီး ထွက်ပြေးနေရတဲ့အချိန် စစ်ကောင်စီတပ်တွေက ရွာတွေ၀င်ပြီး ဒေသခံတွေရဲ့ စိုက်ကွင်းထဲကစပါးတွေကို စပါးရိတ်စက်တွေနဲ့ ရိတ်နေတယ်လို့ ထွက်ပြေးလာရတဲ့ စစ်ရှောင်တွေက DVB ကိုပြောပါတယ်။ 

စစ်ရှောင်နေရတဲ့ဒေသခံတွေဟာ စားနပ်ရိက္ခာ မလုံလောက်မှုတွေကြောင့် ရွာတွေမှာ ကျန်ခဲ့တဲ့ ဆန်စပါးတွေကို ပြန်ယူတဲ့အချိန် စစ်ကောင်စီတပ်တွေက ရွာတွေကိုမီးရှို့ပြီး ပြန်လာတဲ့သူတွေကို ဖမ်းဆီးနေတဲ့အတွက်ကြောင့် ဒီရက်ပိုင်းအတွင်း စစ်ရှောင်တွေကို ရွာတွေမပြန်ဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

စစ်ရှောင်တယောက်က “ဗန်းမောက်တို့၊ ကုန်းပေါတို့၊ ဒီဆောင်လန်ဘက်က စပါးခင်းတွေ အများကြီးရှိတယ်လေနော်။ အဲ့ဒါ ဖယ်ခုံဘက်က တပ်တွေ စပါးရိတ်စက်နဲ့ဆင်းလာပြီးတော့ ပြည်သူတွေရဲ့ ဆန်စပါးတွေကို လာပြီးတော့ ရိတ်သိမ်းသွားတာပေါ့နော်၊ အဲ့လိုတွေတော့ မြင်ရတယ်ပေါ့နော်။ တချို့ရွာတွေ ပြန်ပြီး စားစရာလေးတွေ ပြန်ယူဖို့ရာအတွက် သူတို့လုပ်နေတဲ့အခါမှာ ဖမ်းမိတာတွေ၊ သတ်တာတွေ မြင်နေရတာပေါ့နော်။ အဲ့လိုတွေမပြန်ဖို့၊ အဲ့လိုတွေမလုပ်ဖို့ သေသေချာချာ သတင်းတွေပေးတာပေါ့နော်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အပြင် လက်နက်ကြီးပစ်ကူ လေကြောင်းပစ်ကူဒဏ်တွေကြောင့် ဒေသခံတွေဟာ ပြင်ဆင်ချိန်မရဘဲ ထွက်ပြေးတိမ်းရှောင်လာရတဲ့အတွက် စားနပ်ရိက္ခာ ထောက်ပံ့မှု အရေးတကြီး လိုအပ်နေတယ်လို့ ဆိုပါတယ်။ စားစရမလုံလောက်လို့နေရပ်ပြန်ပြီး စပါးပြန်ယူတဲ့သူတွေ၊ တိုက်ပွဲကြားမှာ ထိခိုက်ဒဏ်ရာရလာတဲ့သူတွေကိုတောင် ကုသဖို့ ဆေးမလောက်လုံတာတွေ ကြုံနေရပြီလို့ ဆိုပါတယ်။

“ပြောရရင် ရန်သူ့ဘက်ကသူ တို့ပစ်ခတ်နေရင်းနဲ့ ကြားကနေသူပဲ ထိသွားတာ အများကြီးမြင်ရတာပေါ့။ ဘာမှလုပ်ပေးလို့မရဘူးပေါ့နော် သေသွားတာ။ ဘာလို့လဲဆို အဲ့နေရာမှာက ကုသခံယူမှု ဆေး၀ါး၊ ဆေးခန်း မရှိတဲ့အခါကျတော့ သွေးလွန်နေရင်းနဲ့ အသက်ထွက်သွားတာတို့ အချိန်မှီကုပေးတာ ဘယ်သူမှမကူညီနိုင်တဲ့အဆင့် ဖြစ်သွားတာတွေကြုံနေရတာပေါ့။ ဘာလို့လဲဆို ရဲဘော်တွေလည်း လာကူညီလို့မရဘူး၊ ဆေးရုံဆေးခန်း ကျမတို့လည်း ပြေးလို့မရဘူး။ စက်လှေနဲ့သွားပြန်ရင်လည်း စက်လှေကိုဒ ရုန်းနဲ့လိုက်ပစ်ဆိုတော့ နောက်ဆုံးတော့ လူ့အသက်မြောက်မြားစွာပေါ့နော် အသက်ရှင်နိုင်တဲ့ အခွင့်အရေးရှိရင်တောင်မှ ဆုံးရှုံးတာတွေ အများကြီး ကျမတို့မှာကြုံခဲ့ရတာ” လို့ စစ်ဘေးရှောင်က ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေကြောင့်အပါအဝင် စစ်ကောင်စီတပ်နဲ့ PNO ပူးပေါင်းတပ်တွေဟာ နို၀င်ဘာ ၂ ရက်နေ့ကတည်း ရွာတွေထဲ ၀င်ရောက်မီးရှို့နေတာကြောင့်  ပင်လောင်း-ဖယ်ခုံအစပ်က ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

တိုက်ပွဲသတင်းနဲ့ပတ်သက်ပြီး နှစ်ဖက်တပ်တွေဘက်က ထုတ်ပြန်ကြေညာတာတော့ မရှိသေးပါဘူး။ 

မောရစ်စ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013