ဆာဘီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ နိုဗီဆက်ဒ်မြို့မှာ ဆားဘီးယား အတိုက်အခံဘက် ထောက်ခံသူတွေဟာ အစိုးရရဲ့ပေါ့ဆမှုနဲ့ အဂတိလိုက်စားမှုတို့ကို နိုဝင်ဘာ ၅ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နိုဝင်ဘာ ၁ ရက်က မီးရထားဘူတာရုံ ဝင်ပေါက်တလျှောက်မှ အမိုးအကာ ရုတ်တရက် ပြိုကျခဲ့လို့ လူ ၁၄ ဦး သေဆုံးပြီး ၃ ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တာပါ။
ဆန္ဒပြသူတွေဟာ ၁၉ ရာစုမှာ တည်ဆောက်ခဲ့တဲ့ မြို့တော်ခန်းမရဲ့ အ၀င်ဝမှာ ပြတင်းပေါက်တွေကို ချိုးဖျက်ဝင်ရောက်ပြီးတော့ မီးရှူးမီးပန်းတွေနဲ့ မီးပွားမီးတောက်တွေကို ပစ်ဖောက်ကြကာ နံစော်ညစ်ပတ်နေတဲ့ ရေဆိုးတွေကိုလည်း မြို့တော်ခန်းမထဲကို ပိုက်နဲ့ ဖွင့်ချထည့်တာတွေ လုပ်ခဲ့ကြပြီးနောက်မှာ ရဲတပ်ဖွဲ့က ငရုတ်ကောင်း စပရေး ဖြန်းပြီး လူစုခွဲခဲ့ပါတယ်။
အဲ့ဒီဆူပူအကြမ်းဖက်သူတွေဟာ ရန်စတဲ့အုပ်စုတွေ ဖြစ်တယ်လို့ နောက်ပိုင်းမှာ ဆန္ဒပြပွဲ စီစဉ်သူတွေက ပြောဆိုပါတယ်။
ဆားဘီးယားနိုင်ငံရဲ့ အတိုက်အခံနိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေဟာ သမ္မတ အလက်ဆန်ဒါ ဗူးချစ်ချ်နဲ့ သူ့ရဲ့ဆားဘီးယားတိုးတက်ရေးပါတီကို သစ္စာခံကြတဲ့ အာဏာပိုင်တွေကို အဂတိလိုက်စားမှု၊ ရာဇဝတ်ဂိုဏ်းတွေ၊ အစွန်းရောက်ဝါဒနဲ့ အလွန်အကျွံ ကြိုးနီစနစ်တို့နဲ့ ဆက်စပ်မှုတွေ ရှိနေတယ်လို့ စွပ်စွဲထားပါတယ်။ ဗူးချစ်ချ်နဲ့ သူ့မဟာမိတ်တွေကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
Source: Reuters