စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ကထိန်ပွဲကျင်းပနေတဲ့ အိုင်းမကျေးရွာကို စစ်ကောင်စီတပ်က နို၀င်ဘာ ၅ ရက် ညနေ ၃ နာရီ၀န်းကျင်မှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် ဒေသခံပြည်သူ ၃ ယောက် သေဆုံးခဲ့ရသလို ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိသွားပါတယ်။
လေကြောင်းတိုက်ခိုက်ခံရလို့ အိုင်းမကျေးရွာက အသက် ၄၀ အရွယ် အမျိုးသား တယောက်နဲ့ အသက် ၇၀ နဲ့ ၂၅ နှစ်အရွယ် အမျိုးသမီး ၂ ယောက်တို့ သေဆုံးခဲ့ရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ တာ၀န်ရှိသူက ပြောပါတယ်။
“ကထိန်ရာသီဆိုတော့ဗျာ အိုင်းမရွာဘုန်းကြီးကျောင်းမှာ ကထိန်ပွဲအတွက်လုပ်နေကြတာ။ အဲ့ဒါကို ဂျက်ဖိုက်တာနဲ့ဗုံးကြဲပြီး စက်လက်တွေနဲ့လည်းပစ်သွားတယ်။ ဗုံးက ၃ လုံးကြဲတာ။ ၂ လုံးကွဲတယ်။ ရွာသား ၃ ဦးက နေရာမှာတင်ဆုံးသွားတယ်။”
အိုင်းမကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းကနေတိုက်ခိုက်မှုကြောင့် အိုင်းမကျေးရွာဘုန်းကြီးကျောင်းလည်း ပျက်စီးသွားတဲ့အပြင် အနီးအနားက လူနေအိမ် ၆ လုံးထက်မနည်းလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြန်ကြားရေးတာ၀န်ခံက “ပြည်သူတွေ အလှူအတန်းတွေ လုပ်တဲ့အချိန်မို့ ကျနော်တို့ပုလဲမြို့နယ်ထဲမှာ တိုက်ပွဲဖေါ်ဆောင်တာတွေကိုရပ်နားထားတာပါ။ ဘာသတင်းရလို့ လာပစ်သွားတယ်ဆိုတာတော့ မပြောတတ်ပါဘူးဗျာ။ စစ်တပ်က ဘာသာရေးပွဲတွေကို တောင်မရှောင်တော့ဘဲ အရပ်သားတွေကို ပစ်မှတ်ထားပြီးတတော့ ဦးတည်တိုက်ခိုက်လာနေတယ်” လို့ ပြောပါတယ်။
နို၀င်ဘာ ၄ ရက် ညပိုင်းကလည်း ပုလဲမြို့ပေါ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အလယ်ဘုံကျေးရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲလို့ ဘုန်းကြီးကျောင်းပျက်စီးသွားခဲ့သလို အနီးကနေအိမ်တချို့ပျက်စီးသွားပြီး အသက် ၄၀ အရွယ် အမျိုးသား တယောက် သေဆုံးခဲ့ပါတယ်။