မန္တလေးတိုင်း၊ မတ္တရာမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထိမှန်ခဲ့တာကြောင့် သက်ကြီးရွယ်အို ၂ ယောက် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကူညီဆောင်ရွက်ပေးနေသူတယောက်က “အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး၊ အသက် ၇၀ လောက်ရှိတဲ့ အဘိုး အဘွားအရွယ်တွေပါ။ အမျိုးသမီးအလောင်းက မြင်မကောင်းအောင်ကို ကိုယ်အင်္ဂါတွေ ထိခိုက်ပြတ်တောက်ကုန်တာပါ၊ ရုပ်ပျက်ဆင်းပျက်ပါပဲ။ အိမ်တချို့လည်း ပျက်စီးကုန်တယ်” လို့ DVB ကို ပြောပါတယ်။
မတ္တရာမြို့ပေါ်မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက် မနက် ၁၁ နာရီဝန်းကျင်မှာ မတ္တရာမြို့အနောက်ဘက်က ကျေးရွာတွေကို ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုးပင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ အခုလို သေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “တိုက်ပွဲဖြစ်နေလို့ ပစ်တာမဟုတ်ပါဘူးဗျာ။ စစ်တပ်က တမင်ရည်ရွယ်ချက်ရှိရှိ ကျေးရွာတွေကို ဦးတည်ပြီး ပစ်နေတာပါ။ မတ္တရာမြို့ပေါ်က ကောင်တွေက လက်နက်ကြီးတွေနဲ့ပစ်တာ ခပ်စိပ်စိပ်ပဲ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း မတ္တရာမြို့ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် မတ္တရာမြို့နယ်အတွင်း ကျေးရွာတွေက ဒေသခံပြည်သူ ၅ ယောက်ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း များပြားခဲ့တယ်လို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေဆီကနေ သိရပါတယ်။
မတ္တရာမြို့နယ်အတွင်းက ဒေသခံပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဝေးရာမှာ နေထိုင်ကြဖို့နဲ့ လက်နက်ကြီးပစ်ခတ်သံတွေကို နားစွင့်ပြီး ကြိုတင်ရှောင်ရှားကြဖို့ အပါအဝင် ဗုံးခိုကျင်းတွေ တူးထားကြဖို့ကို ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက သတိပေး တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။