Home
မြန်မာသတင်း
စာအုပ်ဖြင့် စားအုန်းဆီဝယ်ခွင့်ပေးနေသော်လည်း ဆီဈေးမကျ
DVB
·
November 2, 2024

ရန်ကုန်မှာ သမဝါယမပုံစံနဲ့ စားအုန်းဆီဝယ်ခွင့်ပြုလုပ်ထားပေမယ့် စားအုန်းဆီဈေးနှုန်းတွေ ကျဆင်းတာမျိုး မရှိသေးဘူးလို့ ဈေးကွက်အတွင်းက သိရပါတယ်။

အောက်တိုဘာလကစလို့ စားအုန်းဆီတွေကို ရည်ညွှန်းဈေးအတိုင်းဝယ်ယူခွင့်ရစေဖို့ စာအုပ်တွေ ပြုလုပ်ပေးခဲ့ပေမယ့် ရန်ကုန်မှာ လက်ရှိအချိန်အထိ စားအုန်းဆီပြင်ပပေါက်ဈေးဟာ ကျပ် ၁၀,၀၀၀ အထက်မှာပဲ ရှိနေသေးသလို ပြည်ပကဝင်တဲ့ စားဆီ၊ ဟင်းသီးဟင်းရွက်ဆီ ဈေးနှုန်းတွေလည်း မကျသေးဘူးလို့ ရန်ကုန်မြို့က အိမ်ရှင်မတွေကပြောပါတယ်။

အင်းစိန်မြို့နယ်မှာနေတဲ့ အိမ်ရှင်မတယောက်က “စာအုပ်နဲ့ဆိုတာကလည်း အဖြစ်လုပ်ထားတာပဲ ရှိတာ။ ဆီကျတော့ ၅၀ သားရလိုက်၊ အစိတ်သားရလိုက်နဲ့ ပုံမှန်မရှိဘူး။ ဆီကုန်တဲ့အချိန်နဲ့ သူတို့ဆီက မပေးသေးတဲ့အချိန်ဆိုရင် အပြင်ကပဲဝယ်သုံးရတာ။ အပြင်ဈေးက ၁ သောင်းကျော်တယ်။ တနေရာနဲ့ တနေရာတော့မတူဘူး” လို့ ပြောပါတယ်။

လက်ရှိမှာ စားအုန်းဆီရည်ညွှန်းဈေးဟာ ကျပ် ၆၂၀၀ ကျော်ရှိပြီး ပြင်ပပေါက်ဈေးကတော့ မြို့နယ်အပေါ်မူတည်ပြီး ကျပ် ၁၂၀၀၀ ကနေ ၁၅,၀၀၀ အထိဈေးပေါက်နေတယ်လို့ စားအုန်းဆီ ရောင်းချနေသူတွေဆီက သိရပါတယ်။

စာအုပ်နဲ့စားအုန်းဆီဝယ်ခွင့်ပေးပေမယ့် ပြင်ပကဈေးနှုန်းတွေ ကျဆင်းတာမျိုးမရှိတာဟာ ရောင်းချခွင့်ရသူတွေအနေနဲ့ ရပ်ကွက်အတွင်းက လူဦးရေအရ ရောင်းချတာမျိုးမဟုတ်ဘဲ ပိဿာလိုက် ဝယ်ယူသူတွေကို ရောင်းချတာတွေလည်းရှိနေတာကြောင့် ဆီရောင်းချနေသူ တယောက်က ပြောပါတယ်။

ရွှေပေါက္ကံမှာ ဆီရောင်းချနေသူတယောက်က “ရပ်ကွက်ထဲမှာရှိတဲ့လူနဲ့ ခွဲတမ်းရတဲ့ဆီကို အတိအကျချပေးရင် လူစေ့ မရဘူးဆိုတာမရှိဘူး။ ရောင်းတဲ့သူတွေနဲ့ ရင်းနှီးတဲ့သူတွေက ၆,၀၀၀ သတ်မှတ်ထားပေမယ့် ၇,၀၀၀ လောက်နဲ့ ပိဿာလိုက်ပြန်ယူကြတော့ ရပ်ကွက်ထဲက ပြည်သူတွေ ခွဲတမ်းအတိုင်းမရဖြစ်နေကြတာ။ ကျနော်တို့ဆိုင်တွေကလည်း ပွဲစားဆီက အဆင့်ဆင့် ပြန်ယူရတာတွေကြောင့်လည်း အပြင်ဈေးကမကျဖြစ်နေတာ” လို့ ပြောပါတယ်။

စားအုန်းဆီတွေကို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးတဲ့စနစ်ထပ်မံပြုလုပ်ထားပေမယ့်စားအုန်းဆီ ၂ ပိဿာ ၇၅ ကျပ်သားကို သယ်ယူပို့ဆောင်ခအပါအဝင် စုစုပေါင်းကျ သင့်ငွေ ၂၃,၆၀၀ ကျပ်ပေးရတယ်လို့  မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းဆီက သိရပါတယ်။

ရန်ကုန်မှာ သမဝါယမစနစ်လို စားအုန်းဆီကို စာအုပ်နဲ့ ဝယ်ယူခွင့်ရရှိစေဖို့ မြို့နယ်တချို့မှာ လုပ်ဆောင်နေပေမယ့် တချို့မြို့နယ်တွေမှာတော့ ဒီနေ့အထိ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေနဲ့ပဲ ဝယ်ယူနေရဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013