စစ်ကောင်စီရဲ့ စားအုန်းဆီအခြေခံ လက်ကား ရည်ညွှန်းဈေး နှစ်ပတ်ဆက်တိုက် ပြန်ကျဆင်းလာပါတယ်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးက အခုလ ပထမပတ်မှာ တပိဿာကို ၆၇၂၀ ကျပ် ရှိခဲ့ပေမဲ့ အောက်တိုဘာ တတိယပတ်မှာတော့ တပိဿာကို ၆၃၅၅ ကျပ်အထိ ပြန်ကျလာပါတယ်။
မြန်မာနိုင်ငံဟာ စားအုန်းဆီကို ပြည်ပကနေ အဓိကဝယ်ယူတင်သွင်းနေရတာပါ။ ကမ္ဘာ့ဈေးနှုန်း အပေါ်မူတည်ပြီး ပြည်တွင်းမှာ ရောင်းဝယ်ဖောက်ကားရမယ့် စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးကို ထုတ်ပြန်ပေးနေတာလို့ စစ်ကောင်စီက ဆိုထားပါတယ်။
ဒါ့အပြင် စားအုန်းဆီကို ဈေးကွက်အတွင်းမှာ ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ဈေးကစားဖို့ ရည်ရွယ်ချက်နဲ့ သိုလှောင်တာ၊ မသမာတဲ့နည်းနဲ့ လုပ်ဆောင်တာတွေ ရှိခဲ့ရင် ဥပဒေအရအရေးယူမယ်လို့လည်း သတိပေးထားပါတယ်။
ပြည်တွင်း စားအုန်းဆီဈေးနှုန်းဟာ ၂၀၂၁ ဖေဖော်ဝါရီလ မတိုင်ခင်က တပိဿာကို ကျပ် ၂၀၀၀ ကျော်သာရှိခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ မြန်မာကျပ်ငွေတန်ဖိုးထိုးကျပြီး အမေရိကန် ဒေါ်လာဈေး မြင့်တက်လာတဲ့နဲ့အတူ တရိပ်ရိပ် လိုက်ပါ မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ဩဂုတ်လက ရန်ကုန်တိုင်းအတွင်းစားအုန်းဆီ ပြင်ပေါက်ဈေးက ကျပ် ၂ သောင်းဝန်းကျင်ထိ ရောက်ခဲ့ပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဒေါ်လာဈေး ကျပ် ၄၅၀၀ အောက်ထိ ပြန်ကျလာတာနဲ့အတူ စားအုန်းဆီပြင်ပ ပေါက်ဈေးလည်း တပိဿာကို ၁၁၀၀၀ ကျပ်ဝန်းကျင်ကို ပြန်ရောက်လာတယ်လို့ လက်လီဈေးကွက်အတွင်းက သိရပါတယ်။
မြန်မာနိုင်ငံရဲ့ စားအုန်းဆီတရားဝင်တင်သွင်းမှုက တနှစ်ကို တန်ချိန် ၈ သိန်းကျော် ရှိပြီးတော့ တရားမဝင်ဝင်ရောက်တဲ့ စားဆီတွေအပါအဝင် စုစုပေါင်းတင်သွင်းမှုက တနှစ်ကို တန်ချိန် တသန်းလောက် ရှိပါတယ်။
စစ်ကောင်စီကတော့ ပြည်တွင်းမှာ ဆီထုတ်လုပ်မှု တိုးမြှင့်ပြီး ပြည်ပကနေ ဆီတင်သွင်းမှုကို လျှော့ချဖို့ ကြိုးစားနေပါတယ်။