Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စားသုံးဆီစာအုပ်လုပ်ရန် ငွေကောက်ပြီး တလကျော်သည်အထိ ဆီမရသေး
DVB
·
October 10, 2024
Photo - MT

ဧရာဝတီတိုင်းမှာ စားသုံးဆီကို အိမ်ထောင်စုအလိုက် ရောင်းချပေးမယ်ဆိုပြီး စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ဆီစာအုပ်လုပ်ဖို့ အိမ်ထောင်စုတစုကို ကျပ် ၃,၀၀၀ ကောက်ခဲ့ပေမဲ့ တလကျော်လာတဲ့အထိ ဆီမရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်က စတင်ကာ နေအိမ်တွေကို လိုက်လံအသိပေးပြီး အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခဲ့သလို ဆီစာအုပ်လုပ်ဖို့အတွက် ငွေကျပ် ၃,၀၀၀ ကောက်ယူခဲ့ပေမဲ့ ဒီနေ့ အောက်တိုဘာ ၁၀ ရက်အထိ ဆီမရသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

ပန်းတနော်ဒေသခံတယောက်က “အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ဆီစာအုပ်လုပ်ဖို့ဆိုပြီး တအိမ်ဝင်တအိမ်ထွက် စာရင်းလိုက်ကောက်ခဲ့တာ။ အိမ်ထောင်ဦးစီးနာမည်နဲ့ မှတ်ပုံတင်နံပါတ်၊ အိမ်ရှိလူဦးရေ လာကောက်ခဲ့တာ။ ဆီစာအုပ်ဖိုးဆိုပြီး ငွေ ၃,၀၀၀ ပါ တခါတည်းကောက်သွားတာ။ ကိုယ်လည်း သက်သောင့်သက်သာနဲ့ ရမလားဆိုပြီး မျှော်လင့်မိတာပေါ့။ ဒီနေ့အထိ ဘာဆီမှမရသေးဘူး။ တလကျော်လာပြီလေ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ဆီစာအုပ်လုပ်ဖို့ဆိုပြီး ငွေထည့်လိုက်ရတဲ့ အရပ်သားတွေက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူးတွေဆီ သွားရောက်စုံစမ်းပေမဲ့ အဆင်ပြေပြေ ပြန်လည်ပြောဆိုတာ မရှိဘူးလို့ ဆိုပါတယ်။

ဘိုကလေးဒေသခံတယောက်က “ဆီဘယ်တော့လောက်ရမလဲပေါ့၊ အုပ်ကြီးဆီ သွားစုံစမ်းတော့ ခင်ဗျားတို့ဆီ ဒီမှာလာထားတာလို့ အော်ထုတ်လိုက်တာ။ ငွေကောက်တုန်းက အဲဒီလိုမဟုတ်ဘူး။ အခု သူတို့မဟုတ်တဲ့အတိုင်းပဲ။ သူတို့ကို ယုံမိတာ မဟာအမှားဘဲ။ အစကတည်းက ဆီစာအုပ်လုပ်ဖို့အတွက် ငွေနဲ့ ဧည့်စာရင်းမိတ္တူ၊ သန်းခေါင်စာရင်းမိတ္တူပဲ ယူသွားတာ။ ဆီဘယ်လောက်ပေးမှာ၊ ငွေဘယ်လောက်နဲ့ ဝယ်ရမှာလဲ၊ ဘယ်နေ့ စရောင်းပေးမှာလဲ မပြောခဲ့ဘူး” လို့ ပြောပါတယ်။

စားအုန်းဆီကို ပြည်ပကနေ တင်သွင်းမှု လျှော့ချပြီးနောက် စားဆီလိုအပ်ချက်က အရင်ထက် ပိုမြင့်တက်လာပြီး ဈေးနှုန်းကလည်း နေရာဒေသလိုက်ပြီး တပိဿာကို ၂၄,၀၀၀ ကျပ်အထိ ရှိလာတဲ့အပြင် ဆီဝယ်ယူရခက်တာ၊ ဆီပြတ်လပ်တာတွေ ရှိလာတာကို ဖြေရှင်းဖို့ စစ်ကောင်စီက ခုလိုလုပ်ဆောင်လာတာလို့ စားသုံးသူတွေနဲ့ ဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ဆိုပါတယ်။

စစ်ကောင်စီက ချမှတ်စီစဉ်နေတဲ့ ဆီစာအုပ်လုပ်ပြီး ဆီရောင်းချပေးမယ့် စနစ်ဟာ အရင်အစိုးရ စစ်အာဏာရှင်အဆက်ဆက် လက်ထက်က ကျင့်သုံးခဲ့တဲ့ သမဝါယမစနစ်ပုံစံ ဖြစ်နေတာကြောင့် ကောင်းမွန်တဲ့စနစ် မဟုတ်ဘူးလို့ သမဝါယမစနစ်ကို မီခဲ့သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024