ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အလုံး ၆၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်ကနေ ၃၀ ရက်အထိ တလအတွင်း ဧရာဝတီတိုင်းထဲမှာ မိုးသက်လေပြင်းဒဏ်ကြောင့် လူနေအိမ်အလုံး ၃၅ လုံး ပြိုကျပျက်စီးခဲ့ပြီး နေအိမ် ၂၆ လုံး အမိုးလန် ပျက်စီးခဲ့ကာ ဒေသခံ အိမ်ထောင်စု ၆၁ စု လေဘေးဒဏ် ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “တစိတ်တပိုင်းပျက်စီးတဲ့အိမ်က ၂၅ လုံးလာက်ပဲရှိတယ်။ လုံးဝပျက်စီးခဲ့တဲ့ အိမ်တွေက များတယ်။ အိမ်ခြေ ၆၀ ကျော်က စက်တင်ဘာလ ပထမအပတ်ထဲမှာ လေပြင်းဒဏ်ကြောင့် ပျက်စီးတာ များခဲ့တယ်။ ဟင်္သာတခရိုင်နဲ့ ပုသိမ်ခရိုင်ထဲမှာ လေပြင်းတိုက်ခတ်မှု အများဆုံးဖြစ်ခဲ့တယ်။ လေပြင်းဒဏ်က မိုးဦးကာလနဲ့ အခုလို မိုးအကုန်ကာလတွေမှာ တိုက်ခတ်တာ များတယ်လို့ သတိပေးချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ တလအတွင်း ဧရာဝတီတိုင်းထဲက မော်လမြိုင်ကျွန်း၊ ဒေးဒရဲ၊ သာပေါင်း၊ မြောင်းမြ၊ ဖျာပုံ၊ ဟင်္သာတ၊ အင်္ဂပူ၊ ကျောင်းကုန်း၊ ဝါးခယ်မ၊ အမာ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာ၊ ဘိုကလေး စတဲ့မြို့နယ်တွေမှာ လေပြင်းတိုက်ခတ်တဲ့ဒဏ်ကြောင့် အများဆုံး ပျက်စီးဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
သာပေါင်းမြို့နယ်က အိမ်ပျက်စီးသွားတဲ့ ဒေသခံတယောက်က “သာပေါင်းမြို့နယ် ကျားရဲကျေးရွာအုပ်စု၊ မဏ္ဍိုင်ကျေးရွာမှာ စက်တင်ဘာ ၁၁ ရက်က ရုတ်တရက် လေပြင်းတိုက်ခတ်လို့ နေအိမ်တလုံးနဲ့ စက်တင်ဘာ ၂၀ ရက်ကလည်း ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာမှာ လူနေအိမ် ၂ လုံး၊ လေပြင်းဒဏ်ကြောင့် ပြိုကျ ပျက်စီးခဲ့ပါတယ်။ အခုအထိ အိမ်ပြန်မဆောက်နိုင်သေးပါဘူး။ ယာယီတဲထိုး နေထိုင်နေရတယ်။ ဘယ်ကမှ ထောက်ပံ့တာ မရှိသေးပါဘူး” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲမှာ စက်တင်ဘာအတွင်း လေပြင်းဒဏ်ကြောင့် လူနဲ့ တိရစ္ဆာန်တွေ သေဆုံးတာ မရှိပေမဲ့ လျှပ်စစ်မီးတိုင်တွေ လဲကျတာ၊ ကားလမ်းတွေပိတ်ဆို့တာ၊ စာသင်ကျောင်းတွေ ပြိုကျတာ၊ ဘုန်းတော်ကြီးကျောင်းတွေ အမိုးလန် ပျက်စီးတာတွေပါ ဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကလည်း လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၅၀ ကျော် ပျက်စီးခဲ့ပြီး လူ ၂ ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။