Home
မြန်မာသတင်း
ရခိုင်စစ်ရှောင်များကို စစ်တပ်က ဧရာဝတီတိုင်းထဲ အဝင်မခံဘဲ ပြန်လွှတ်
DVB
·
October 8, 2024
Photo-MV

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းနဲ့ ရေကြည်ဘက် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ပြန်လွှတ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၆ ရက်ကစတင်ပြီး ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲတောင်ကြော အနီးတဝိုက်မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်မှာ ရေကြည်နဲ့ ငါးသိုင်းချောင်းဘက်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်က ဧရာဝတီတိုင်းထဲ ဝင်ခွင့်မပေးဘဲ ပြန်လွှတ်နေတာလို့ ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတယောက်က “ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေက အမ်းမြို့နယ်ကလို့ သိရတယ်။ ဧရာဝတီတိုင်းထဲ ဝင်ခွင့်မပေးတာပေါ့။ ရခိုင်ဘက် ပြန်မလှည့်ရင် လာရာလမ်း အဆိုးမဆိုနဲ့လို့ စစ်ကောင်စီတပ်က စစ်ရှောင်တွေကို ခြိမ်းခြောက်တာ။ သေနတ်တွေနဲ့ ရမ်းသန်း ပစ်ခတ်တာတွေပါ လုပ်တာတဲ့” လို့ ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်လာလို့ လတ်လော ရခိုင်ပြည်နယ်ကနေ ဧရာဝတီတိုင်းထဲ စစ်ဘေးရှောင်ဖို့ လာပြီး ပြန်လွှတ်ခံရသူ အယောက် ၃၀၀ ကျော်လောက်ရှိပြီး စစ်ဘေးရှောင်တွေက လတ်တလော အမ်းမြို့နယ်ရဲ့ တောတောင်တွေနဲ့ လမ်းဘေးတွေမှာ ခိုလှုံနေရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “ငါးသိုင်းချောင်း၊ ဂွ၊ ရေကြည် အဲဒီဘက်က လမ်းဆုံမှာ စစ်ကောင်စီက တပ် ၃ ခုလောက် စခန်းချထားပြီး ဒီဘက် ဧရာဝတီဘက်ကိုလာတဲ့ ဘယ်သူဖြစ်ဖြစ် အဝင်ကိုမခံဘဲ စစ်ဆေးကြမ်းနေတာ။ ဒီဘက်ကိုလာတဲ့ စစ်ရှောင်တွေအနေနဲ့ ကံဆိုးပါတယ်။ မလာဖို့ သတိပေးချင်တယ်။ သူတို့က အဝင်မခံပါဘူး။ ကိုယ်တွေ့သူတွေ သိပါလိမ့်မယ်” လို့ ပြောပါတယ်။

လက်ရှိ အမ်းမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဧရာဝတီတိုင်းဘက်ကို စစ်ရှောင်လာတဲ့ စစ်ဘေးရှောင်တွေအပြင် အမ်းမြို့ပေါ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ ခရစ်ယာန်ဘာသာရေး ကျောင်းတွေမှာလည်း ခိုလှုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းနဲ့ ထိစပ်နေတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကျောက်စကွဲကျေးရွာရဲ့ အနောက်ဘက် မီတာ ၄၀၀ ခန့် အကွာအဝေးမှာ စစ်ကောင်စီရဲ့ အမှတ် ၅ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၅) လက်အောက်ခံ ခမရ ၃၄၆၊ ၃၇၃၊ ၃၇၂ တပ်ရင်းတွေ စုပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနဲ့ အာရက္ခတပ်တော် (AA) တို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်က ၂ နာရီနီးပါး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အလားတူ စက်တင်ဘာ ၂၇ ရက်၊ မနက် ၁၀ နာရီခန့်ကလည်း အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ အနီးပတ်ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ ထပ်မံထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တွေ အထိအခိုက် အကျအဆုံးတွေနဲ့ နောက်ပြန်ဆုတ်သွားခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013