ဧရာဝတီတိုင်းထဲမှာ သန်းခေါင်စာရင်း လှည့်လှည်ကောက်ယူသူတွေကို ကျွေးမွေးဧည့်ခံဖို့ဆိုပြီး ရပ်ကွက်နဲ့ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ငွေကြေးကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းထဲက တချို့မြို့နယ်တွေမှာ အောက်တိုဘာ ၆ ရက်နဲ့ ၇ ရက်က စတင်ပြီး စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့တွေကို ကျွေးမွေးဧည့်ခံစရိတ်ဆိုပြီး တအိမ်ထောင်ကို ကျပ် ၃၀၀၀ အထိ ကောက်ယူနေတာလို့ ဆိုပါတယ်။
“သန်းခေါင်စာရင်း ကောက်တဲ့သူတွေကို ကျွေးမွေးစရိတ်ခံရတဲ့အတွက် ဒီပြည်သူတွေဆီကပဲ ပြန်ကောက်တာပေါ့။ အုပ်ကြီးတွေက လုပ်နေတာ၊ တအိမ်ထောင်ကို ၃၀၀၀ ကောက်တယ်။ ထည့်တဲ့သူများတယ်။ ရဲနဲ့ စစ်ကောင်စီ တပ်တွေက အခုရက်ထဲ လက်နက်တကားကားနဲ့ ခြေရှုပ် နေတာပဲ။ အောက်ခြေအုပ်ကြီးတွေ တော်တော်ဆိုးပါတယ်” လို့ ဖျာပုံ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီ သန်းခေါင်စာရင်း ကောက်ယူရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “သန်းခေါင်စာရင်း ကောက်တယ်ဆိုတာက အစိုးရက သူတို့ကို စရိတ်ပေးပြီးသားပါ။ စရိတ်ပေးပြီးသားကို အဲဒီလိုတွေ ကောက်နေတာ။ ဒါကမလုပ်သင့်တဲ့ အလုပ်လေ။ သတ်မှတ်လူအင်အား၊ သတ်မှတ် စရိတ်ကို ထုတ်ပေးထားပါတယ်။ အစိုးရကို သိက္ခာကျအောင် လုပ်တာပဲ။ ဒီအလုပ်တွေကို အောက်ခြေအုပ်ကြီးတွေပဲ လုပ်တာများတယ်။ ဝန်ခံဖို့တော့ ဝန်လေးတာပေါ့။ စစ်ဆေး အရေးယူသင့်တယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဖျာပုံ၊ ဘိုကလေး၊ အမာ၊ မော်လမြိုင်ကျွန်း၊ ငရုတ်ကောင်း၊ မြောင်းမြ၊ ရေကြည်၊ သာပေါင်း စတဲ့မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သန်းခေါင်စာရင်းကောက်ယူရေးအဖွဲ့ ကျွေးမွေး စရိတ်ငွေကောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သန်းခေါင်စာရင်းမေးခွန်း ၆၈ ခုထဲမှာမပါတဲ့ အိမ်သားတွေထဲက လူငယ်တွေ ခရီးသွားတဲ့ရက်နဲ့ သွားတဲ့နေရာတွေပါ မေးမြန်းကောက်ယူနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အောက်တိုဘာ ၁ ရက်ကနေ ၁၅ ရက်အထိ သူတို့ထိန်းချုပ်ထားနိုင်တဲ့ ဧရာဝတီတိုင်း အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ လူအင်အား ၄၂၀၀၀ ခန့် အသုံးပြုပြီး လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ထုတ်ပြန်ချက်ထားပါတယ်။
Photo - KKL +MV