Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် စစ်သင်တန်းတက်ရန် ငြင်းသည့် သက်ကြီးအမျိုးသားများကို ခြိမ်းခြောက် ဖမ်းဆီး
DVB
·
October 10, 2024
Photo-Min Min

ဧရာဝတီတိုင်းမှာ စစ်ကောင်စီရဲ့ ဒေသလုံခြုံရေး စစ်သင်တန်းမတက်ဖို့ ငြင်းတဲ့ သက်ကြီး အရပ်သားတွေကို ခြိမ်းခြောက်ဖမ်းခေါ်ယူ စစ်သင်တန်းပေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဧရာဝတီတိုင်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ပထမအပတ်က စတင်လို့ ဒေသလုံခြုံရေးအတွက် အသက် ၃၅ နှစ်ကနေ ၆၅ အရွယ် အရပ်သားတွေကို စစ်သင်တန်းပေးနေပြီး စစ်သင်တန်းမတက်ဖို့ ငြင်းတဲ့ အသက် ၆၅ နှစ်အရွယ် အရပ်သား အမျိုးသားတွေကို စစ်ကောင်စီက ခြိမ်းခြောက် ဖမ်းဆီးခေါ်ယူနေတာလို့ သိရပါတယ်။

ကျိုက်လတ်ဒေသခံတယောက်က “အသက်ကြီးတော့ မလုပ်ချင်ကြဘူးလေ။ ၆၅ နှစ်အရွယ်တွေက အဓိက ငြင်းတာပေါ့။ မလုပ်လို့မရဘူး၊ မလုပ်ရင် ဖမ်းဆီးထောင်ချမယ်လို့ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေ ပြောတာ။ ကိုယ့်ဒေသလုံခြုံရေးအတွက် လုပ်ပေးရတာ ဘာဖြစ်မှာလဲ။ အားလုံး တာဝန်ရှိတယ်ပေါ့။ မလုပ်ရင် မိသားစုလိုက် မလွယ်ဘူးလို့ မိသားစုနဲ့ပါ ခြိမ်းခြောက်တာ။ တော်တော်ကြောက်ဖို့ကောင်းတဲ့ဟာလေ” လို့ ပြောပါတယ်။

အဲဒီ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အရွယ်အထိရှိတဲ့ အမျိုးသားတွေကို စစ်ကောင်စီတပ်က စာရင်းယူနေတာဟာ ဒေသလုံခြုံရေးအတွက် မဟုတ်ဘဲ ရက် ၃၀ သို့မဟုတ် ၄၅ ရက် စစ်သင်တန်းပေးပြီး လိုအပ်ပါက စစ်တိုက်ထွက်ဖို့ အရပ်သား အမျိုးသားတွေကို မလွတ်တမ်း စည်းရုံး စာရင်းယူနေတာလို့ သိရပါတယ်။

စစ်ကောင်စီ တိုင်းအုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ကိုယ့်ရပ်ရွာ လုံခြုံရေးအတွက် လုပ်ရမှာ မဖြစ်မနေကို စစ်သင်တန်းခေါ်ပေးနေတာ။ မလုပ်ဖို့ ငြင်းတဲ့ သက်ကြီး အရပ်သားတွေကို တပ်ထဲမှာခေါ်ပြီး PDF လား၊ အကြမ်းဖက် အားပေးလား ခေါ်မေးပြီး ရိုက်နှက်တာလို့ သိရတယ်။ ငြင်းမရလို့ စစ်သင်တန်းတက်နေရသူတွေ မနည်းဘူး။ အရပ်သားတွေဆိုတော့ အသားမကျဘူးလေ။ ဧရာဝတီတိုင်းက အေးချမ်းပါတယ်။ စစ်ကောင်စီတပ်နဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက အနိုင်ကျင့်နေတာ” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ ရေကြည်၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဘိုကလေး၊ ပုသိမ်၊ ငါးသိုင်းချောင်း၊ မြန်အောင် စတဲ့မြို့နယ်တွေက စစ်ကောင်စီခန့် ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီတပ်ပေါင်းကာ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိရှိတဲ့ အရပ်သား အမျိုးသားတွေ အယောက် ၄၀၀ မနည်းကို ဒေသလုံခြုံရေး စစ်သင်တန်းကို ဖိအားပေးခေါ်ဆောင် တက်ခိုင်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးမှူးတွေက အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အထိ အမျိုးသားတွေကို စာရင်းကောက်တာနဲ့ ပတ်သက်လို့ ပြန်လည် စောဒကတက် ငြင်းတဲ့ မိသားစုတွေကို စာနဲ့ရေးမှတ်ထားပြီး စစ်တပ်ကို ဖမ်းဆီးခိုင်းမယ်လို့ ခြိမ်းခြောက်တာတွေလုပ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024