ပါကစ္စတန်နိုင်ငံအနောက်တောင်ပိုင်း မက်စ်တန်င်မြို့မှာ နိုဝင်ဘာ ၁ ရက် ပေါက်ကွဲမှု တခုအတွင်း ကျောင်းသား ၅ ဦး အပါအဝင် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ပြီးတော့ ၂၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲအရာရှိ တဦးက ပြောကြားခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ ရဲအရာရှိ တဦးလည်း ပါဝင်ပြီး တခြားလူတွေနဲ့ ရဲအရာရှိ ၂၃ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။
ပစ်မှတ်မှာ ပိုလီယို (ကာကွယ်ဆေး) အဖွဲ့ကို ခေါ်ဆောင်သွားမယ့် ရဲဗင်ကားဖြစ်တယ်လို့ ရဲမှူးကြီး ရမတ်တူလာက ရိုက်တာကို ပြောပါတယ်။
ပေါက်ကွဲမှုဟာ မက်စ်တန်င်မြို့က မိန်းကလေးကျောင်း တကျောင်းအနီးမှာ ရပ်ထားတဲ့ မော်တော်ဆိုင်ကယ်မှာ တွဲပြီး တပ်ဆင်ထားတဲ့ လက်လုပ်ဖောက်ခွဲရေးပစ္စည်းကြောင့် ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ဘယ်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။
ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖှ်က ဒီတိုက်ခိုက်မှုကို ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။
ပါကစ္စတန်ဟာ နိုင်ငံရဲ့အနောက်မြောက်ပိုင်းမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ တိုးမြင့်လာမှု၊ တောင်ပိုင်းမှာ ခွဲထွက်ရေးသူပုန်ထမှုတွေ ကြီးထွားလာမှုတွေနဲ့ ရင်ဆိုင်နေရတာပါ။
အင်္ဂါနေ့မှာ တအိမ် တက်ဆင်း ပိုလီယိုကာကွယ်ဆေးထိုးလှုပ်ရှားမှုကို စီမံခန့်ခွဲတဲ့ ကျန်းမာရေးရုံးကို တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင် တဦး သေဆုံးခဲ့ပါတယ်။
တိုက်ခိုက်မှုတွေဟာ ပါကစ္စတန်နိုင်ငံမှာ ဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှု သိသိသာသာ မြင့်တက် လာချိန်အတွင်း တနင်္လာနေ့မှာ စတင်လိုက်တဲ့ တတိယမြောက် နိုင်ငံတဝန်း ပိုလီယို တိုက်ဖျက်ရေး စီမံကိန်းနဲ့လည်း တိုက်ဆိုင်နေပါတယ်။
၂၀၂၂ ခုနှစ်က ရောဂါဖြစ်ပွားမှု ၂၀ ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ရောဂါဖြစ်ပွားမှု ၆ ခုအထိ လျော့ကျခဲ့ပေမဲ့ ပါကစ္စတန်မှာ လက်ရှိ ရောဂါဖြစ်ပွားမှု ၄၁ မှုရှိတယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်တို့ဟာ ပိုလီယိုရောဂါ ပုံမှန်ဖြစ်ပွားလေ့ရှိတဲ့ နိုင်ငံတွေ စာရင်းဝင် နေတာ ဖြစ်ပါတယ်။
အစ္စလာမ္မစ်စစ်သွေးကြွတွေဟာ အရင်က ပိုလီယိုတိုက်ဖျက်ရေးအဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်လေ့ ရှိပြီး ကာကွယ်ဆေးတွေဟာ အနောက်တိုင်းပိုးသတ်ခြင်း အစီအစဉ်ရဲ့ တစိတ်တပိုင်း ဖြစ်တယ် ဆိုပြီး ပူးပေါင်းကြံစည်မှု သီအိုရီ အမှားအယွင်းတွေကို ဖြန့်ဖြူးကြတာ ဖြစ်ပါတယ်။
Source:Reuters