အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ဒီပါဝလီပွဲတော် နွှဲပျော်ကြသူတွေဟာ မီးရှူးမီးပန်း မဖောက်ရ တားမြစ်ချက်တွေကို ချိုးဖောက်ခဲ့ပြီး လေထုအရည်အသွေး ကျဆင်းသွားပြီးနောက် တရက်အကြာ နိုဝင်ဘာ ၁ ရက်မှာတော့ ကမ္ဘာ့လေထုညစ်ညမ်းမှုအဆင့် ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ မြို့တော်ဟာ အဆိပ်အတောက် အခိုးအငွေ့တွေ ထူထူထပ်ထပ်ရှိနေတဲ့ လေထုထဲကို ကျရောက်သွားခဲ့ပါတယ်။
အောက်တိုဘာ ၃၁ ရက်က ပွဲတော်အခမ်းအနားအပြီးမှာ ထူထပ်တဲ့ မီးခိုးမြူတွေက အိန္ဒိယမြို့တော်ကို ထူထပ်တဲ့ မီးခိုးမြူတွေ ရစ်သိုင်းခြုံလွှမ်းကျန်ခဲ့ပြီး အလယ်ပိုင်းခရိုင်ရှိ သမ္မတအိမ်တော်နဲ့ အပြေးသမားတွေနဲ့ စက်ဘီးစီးသူတွေအကြား ရေပန်းစားတဲ့ အနီးနားရှိ ပန်းခြံတွေမှာလည်း မီးခိုးမြူတွေ ဖုံးအုပ်နေခဲ့ပါတယ်။
လေထုအရည်အသွေးအညွှန်းကိန်း ၃၄၈ မှာ ရပ်တည်နေကြောင်း ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQ Air က ပြောကြားလိုက်ပြီး ညစ်ညမ်းမှုကို အန္တရာယ်ရှိတဲ့ အမျိုးအစားထဲကို ထည့်သွင်းလိုက်ကာ ဒေလီမြို့တော်ဟာ ကမ္ဘာ့လေထု အညစ်ညမ်းဆုံးမြို့အဖြစ် အချိန်နဲ့တပြေးညီ စာရင်းရဲ့ထိပ်ဆုံးကို ရောက်သွားပါတယ်။
တရားရုံးချုပ်ရဲ့ ညွှန်ကြားချက်နဲ့အညီ ပြီးခဲ့တဲ့နှစ် အနည်းငယ်အတွင်း ဒီပါဝလီပွဲတော် ကာလနဲ့ ဆောင်းရာသီအတွင်း မီးရှူးမီးပန်းတွေ အသုံးပြုခြင်းကို ဒေသအစိုးရ တာဝန်ရှိသူတွေက တားမြစ်ခဲ့ပါတယ်။
ဒါပေမဲ့ မီးရှူးမီးပန်းဖောက်ရင် ထောင်ချခံရမယ်လို့ ခြိမ်းခြောက်ထားပေမဲ့လည်း လိုက်နာကျင့်သုံးဖို့တော့ အခက်အခဲတွေ ရှိနေပါတယ်။
ဟိန္ဒူအုပ်စုတချို့က ဒီလိုတားမြစ်ပိတ်ပင်တာဟာ ပွဲတော်ကျင်းပမှုကို အနှောင့်အယှက် ဖြစ်စေကြောင်း ပြောဆိုကြပြီး ဒေလီအစိုးရကတော့ ဒီပိတ်ပင်မှုဟာ လူတွေကိုကယ်တင်ဖို့ ရည်ရွယ်ခဲ့တာလို့ အရင်က တုံ့ပြန်ခဲ့ဖူးပါတယ်။
Source-Reuters