အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်တွေကို အာဏာပိုင်တွေက နေရပ်ပြန်ဖို့ ဒါမှမဟုတ် အိန္ဒိယနိုင်ငံအတွင်းက စစ်ရှောင်စခန်းတွေဆီပြောင်းဖို့ ဖိအားပေးနေတဲ့အတွက် စစ်ဘေးရှောင်တွေ အခက်ကြုံနေရတယ်လို့ အကူအညီပေးသူတွေက ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ် အော့ခရူခရိုင်နဲ့ ကမ်းဂျွန်ခရိုင်မှာနေထိုင်ကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး နေရပ်ပြန်ဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာ ၂၃ ရက်က ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ဘေးရှောင်ကူညီသူတယောက်က “ကမ်းဂျွန်ခရိုင်က လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ကို တင်ပြထားတာ။ လွှတ်တော်ကနေပြီးပြည်ထဲရေးကို တာဝန်ပေးလိုက်တာ။ အဲဒီကနေ ကမ်းဂျွန်ခရိုင် အုပ်ချုပ်ရေးမှုးကို တာဝန်ပြန်လွှဲအပ်လိုက်တာပေါ့၊ ၂၃ ရက်နေ့က လာပြီးတော့ စစ်ဘေးရှောင်တာ ၁ နှစ်ပြည့်ခဲ့ပြီပေါ့ တကယ်လို့များနေချင်ရင် သူတို့ ကယ်ဆယ်ရေးစခန်းကို ပို့မယ် အတွင်းဘက်ကိုပေါ့။ တကယ်လို့များ စစ်ပွဲတွေဖြစ်လာရင် ပြန်လက်ခံမယ်ပေါ့။ ဟိုဘက်က ကျေးရွာတွေမှာလည်း လူတွေနေပြီဆိုတော့ ပြန်သွားကြပါလို့ ပြောတယ်”လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ မဏိပူရ်ပြည်နယ်အတွင်း နယ်စပ်ကျေးရွာတွေမှာ နေထိုင်နေတာ ၁ နှစ်ပြည့်ပြီဖြစ်တဲ့ အတွက် နေရပ်ပြန်ကြဖို့ ဒါမှမဟုတ် အိန္ဒိယနိုင်ငံအတွင်းက စစ်ရှောင်စခန်းတွေဆီ ပြောင်းကြဖို့ အာဏာပိုင်တွေက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တွေ အနေနဲ့ ထောက်ပံ့မှုမရှိဘဲ နယ်စပ်ကျေးရွာတွေမှာသာ လယ်ယာလုပ်ကိုင်ပြီး နေထိုင်ရတဲ့အတွက် နေရပ်ပြန်ဖို့သာ ဆုံးဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်တယောက်က “စစ်ရှောင်စခန်း ဆိုတာထက် သူတို့ရောက်နေတဲ့နေရာတွေမှာ တဲတွေ အိမ်တွေဆောက်တယ်။ စစ်ရှောင်စခန်းဆိုပြီး သီးသန့်မရှိဘူး။ အဲဒီမှာ အဲဒီလိုပဲ နေကြတာ အိမ်လည်း စစ်ကောင်စီက မီးရှို့သွားပြီ။ မိုးကာတဲလေးပဲ ဆောက်ပြီး ပြန်နေကြရမှာ လုံခြုံမှုက မရှိဘူး။ လေကြောင်းကလည်း အတော်လေးစိုးရိမ်ရတယ်။ အခက်တွေ့နေတယ်။ CSO တွေ လူမှုအဖွဲ့အစည်းတွေဘက်က စစ်ဘေးရှောင်တွေပြန်ဖို့ကို ကန့်ကွက်မယ်လို့တော့ကြားတယ်။ ချင်းရော နာဂရော သူတို့က စစ်ဘေးရှောင်တွေကို ပြန်မလွှတ်ဖို့ ဆန္ဒပြမယ်လို့တော့ ကြားတယ်”လို့ ပြောပါတယ်။
အခုနှစ် အစောပိုင်းမှာဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် တမူးမြို့နယ်အတွင်းကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်ဘက်က နယ်စပ်ကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်လာရတဲ့ ပြည်သူ ၄၀၀၀ နီးပါးရှိခဲ့တယ်လို့ သိရပါတယ်။
တမူးနယ်မှာ တိုက်ပွဲတွေ ငြိမ်သွားပေမဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့အတွက် စစ်ဘေးရှောင်တွေ နေရပ်မပြန်ရဲသေးတာလို့ စစ်ဘေးရှောင် တယောက်က ပြောပါတယ်။
စစ်ဘေးရှောင်ကူညီသူတယောက်က “ပြန်ဖို့တော့စီစဉ်ပေးနေကြပါပြီ။ ဒီဘက်မှာကျတော့ အိမ်ခြေက ၅၀၀ ဝန်းကျင်တော့ရှိတယ်။ လောလောဆယ်တော့ အိမ်မီးရှို့ခံရတဲ့ပြည်သူတွေက အိမ်ပြန်ဆောက်ဖို့ သစ်ဝါးတွေ ခုတ်နေကြပြီ။ တဲစုတ်လေးပဲ ဖြစ်ဖြစ်ပြန်နေဖို့ အိမ်လိုအပ်တယ်လေ။ အောင်ဇေယျဘက်က မီးရှို့ခံလိုက်ရတာလေ၊ ကျန်တဲ့ကျေးရွာတွေကတော့ သူ့အိမ်သူပြန်ကြမှာပေါ့၊ ဟိုဘက်မှာလည်း ဘာမှ ထောက်ပံ့ကြေးမှ ရတာမဟုတ်ဘူးလေ၊ အသက်လုံခြုံရေးအရ သူများနိုင်ငံမှာနေကြရတာလေ”လို့ ပြောပါတယ်။
မဏိပူရ်ပြည်နယ်မှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်မြောက်ပိုင်းက ပြည်သူတွေ ထောင်ချီပြီး တိုက်ပွဲတွေကြောင့်စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။
သီရိ