အိန္ဒိယအာဏာရပါတီ BJP ဟာ သူတို့အုပ်ချုပ်နေတဲ့ ပြည်နယ် ၂ ခုမှာ အစားအသောက်တွေကို တံတွေး၊ ကျင်ငယ်၊ အမှုန်အမွှားတွေနဲ့ ညစ်ညမ်းစေမယ်ဆိုရင် ဒဏ်ငွေကနေ ထောင်ဒဏ်အထိ ချမှတ်သွားမှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
အိန္ဒိယနိုင်ငံမှာ အစားအသောက် ဘေးကင်းရေးဟာ အဓိက စိုးရိမ်စရာကိစ္စရပ်အဖြစ် ရှိနေပြီး မသန့်ရှင်းတဲ့ စားစရာတွေကြောင့် နှစ်စဉ် ရောဂါကူးစက်မှုပေါင်း သန်း ၆၀၀ ကျော်နဲ့ သေဆုံးမှုပေါင်း ၄ သိန်းအထိ ရှိတယ်လို့ FSSAI အာဏာပိုင်အဖွဲ့ကနေ သိရပါတယ်။
ဒါကြောင့် ဥတ္တရာခန်းနဲ့ ဥတ္တာပရာဒေ့ရှ် ပြည်နယ်က အပြစ်ကျူးလွန်သူတွေကို ရူပီးငွေ ၁ သိန်းနဲ့ညီမျှတဲ့ ဒေါ်လာ ၁,၂၀၀ နီးပါးအထိ ဒဏ်ရိုက်မယ်လို့ ပြီးခဲ့တဲ့အပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အစားအသောက်တွေထဲ တံတွေးထွေးခဲ့မယ်ဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်မယ့် အမိန့်စီရင်ထုံး ၂ ခုနဲ့ပါ ဥပဒေအရ တင်းကျပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
ဒါဟာ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့ခဲ့တဲ့ စျေးရောင်းချသူတွေက တံတွေးထွေးထည့်တာမျိုး အပါအဝင် အိမ်အကူတယောက်ရဲ့ စားစရာပြင်ဆင်ရာမှာ ကျင်ငယ်ရည်ရောထည့်နေတဲ့ ဗီဒီယိုမှတ်တမ်းတွေကို တွေ့ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။
အခုလိုမျိုး အစားအသောက်ထဲ ကျင်ငယ်ရည်ထည့်ခဲ့တဲ့ အမျိုးသမီးဟာ “မွတ်ဆလင်” ဖြစ်တယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ စွပ်စွဲပြောဆိုခဲ့ကြပေမဲ့လည်း ရဲတပ်ဖွဲ့ကတော့ သူ့ကို “ဟိန္ဒူ” ဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
အဲဒီနောက် နောက်ထပ် တင်းကျပ်တဲ့ ဥပဒေတွေ လိုအပ်နေပြီဖြစ်ကြောင်း တာဝန်ရှိသူအနေနဲ့ ပြောကြားခဲ့ရာမှာ အတိုက်အခံတွေနဲ့အတူ တရားရေးကျွမ်းကျင်သူတွေက ရှိပြီးသားဥပဒေတွေရဲ့ ထိရောက်မှုကို မေးခွန်းထုတ်ခဲ့ကြပါတယ်။
အိန္ဒိယလိုမျိုး ယဉ်ကျေးမှုအရ အလွန်ကွဲပြားတဲ့နိုင်ငံမှာ အစားအသောက်ဆိုင်ရာ ဓလေ့ထုံးတမ်းတွေဟာ ဘာသာရေး အပါအဝင် ဇာတ်နိမ့် ဇာတ်မြင့် အမျိုးဇာတ်ခွဲခြားမှုတွေနဲ့ပါ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေပါတယ်။
Source-Reuters