Home
မြန်မာသတင်း
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်သို့  ရိုဟင်ဂျာ ၉၆ ဦး လှေဖြင့် ရောက်ရှိ၊ ၆ ဦး သေဆုံး 
DVB
·
November 1, 2024
Photo-Reuters

အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ မကြာသေးတဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကနေ ထွက်ပြေး လာတဲ့ ရိုဟင်ဂျာဦးရေ ၁၀၀ ကျော်ကို ကယ်ဆယ်ထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

အဲ့ဒီထဲက ၆ ဦး သေဆုံးခဲ့ရပြီး ကမ်းခြေမှာ  ၂ လောင်း နဲ့ နောက်ထပ် ၄ လောင်းကို ပင်လယ်ပြင်မှာ ရှာတွေ့ခဲ့တယ်လို့ ဒေသခံအရာရှိ တယောက်  ပြောပါတယ်။ 

ဆူမားတြားကျွန်းပေါ်က အာချေးပြည်နယ်ရဲ့ အရှေ့ပိုင်း ကမ်းခြေတခုမှာ ကလေးငယ် ၇ ဦး အပါ အဝင် ရိုဟင်ဂျာဒုက္ခသည် ၉၆ ဦး လှေနဲ့ ရောက်လာခဲ့တာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

မနက် ၄ နာရီဝန်းကျင်မှာ ဆိုက်ရောက်လာခဲ့တဲ့ ဒုက္ခသည်တွေအတွက် ခိုလှုံစရာနေရာ  မတွေ့မချင်း ကမ်းခြေမှာသာ တဲတွေနဲ့ထားရှိမှာဖြစ်သလို တခြားဖြေရှင်းနည်းလည်း မရှိသေးဘူး လို့ ဆိုပါတယ်။ 

လွန်ခဲ့တဲ့အပတ်မှာလည်း အာချေးနဲ့ မြောက်ဆူမားတြားပြည်နယ်တို့ကို ရိုဟင်ဂျာ ၃၀၀ နီးပါးအထိ ဆိုက်ရောက်လာတယ်လို့ သိရပါတယ်။ 

UNHCR ကုလအေဂျင်စီကတော့ ဒုက္ခသည်တွေရဲ့ လုံခြုံရေးအတွက် သေချာအောင်လုပ်ပေးဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုထားပါတယ်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ အာချေးပြည်နယ်ကို ရိုဟင်ဂျာဒုက္ခသည် ၂၅၀၀ လောက်  လှေတွေနဲ့အတူ ရောက်လာခဲ့ကြတယ်လို့ UNHCR အနေနဲ့ ခန့်မှန်းထားပါတယ်။ 

ဒါဟာ လွန်ခဲ့တဲ့ ၈ နှစ်စာ ပမာဏနဲ့ညီမျှကြောင်း ကုလအေဂျင်စီအရ သိရပါတယ်။ 

ဒါ့အပြင် ပင်လယ်လှိုင်းငြိမ်သက်တဲ့ အောက်တိုဘာနဲ့ ဧပြီလကြားမှာ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေက လှေနဲ့ ဖြတ်သန်းလေ့ရှိကြပါတယ်။ 

မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ် မပြုပေမဲ့လည်း စစ်မှုထမ်းဖို့ အတင်းအကျပ် ခေါ်ယူတာမျိုးတွေ ရှိခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024