ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုပ်ဖရမြို့နယ်ထဲမှာ အောက်တိုဘာ ၂၂ ရက်ညက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာ ၁၃ ယောက်ကို လမ်းပြ ထိုင်း ၂ ယောက်နဲ့အတူ ဖမ်းဆီးရမိတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းနဲ့ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မနေ့ညက ဖုပ်ဖရမြို့နယ် ဖုပ်ဖရအုပ်စု ဆိုင်းငမ်းကျေးရွာအနီး ကင်းလှည့်လည်စစ်ဆေးစဉ် အနက်ရောင်နဲ့ မီးခိုးရောင် တိုယိုတာ ဟိုင်းလပ်စ်ကား ၂ စီး တောလမ်းထဲဝင်ရောက်လာတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဆိုပါကား ၂ စီးကို မသင်္ကာလို့ ရပ်တံ့စစ်ဆေးစဉ်မှာပဲ တောထဲကနေ လူတစု ခြေလျင်လျှောက်ပြီး ဝင်လာတယ်၊ ကား ၂ စီးဟာ သူတို့ကိုလာကြိုမယ့်ကားလို့ သိထား တာကြောင့် ရောက်လာကြတယ်၊ အနီးရောက်တော့ တာဝန်ရှိသူတွေနဲ့ပါတိုးပြီး စစ်ဆေး ခံလိုက်ရတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေဟာ မြန်မာပြည်ကနေ တရားမဝင်ဝင်လာတဲ့ ရိုဟင်ဂျာ အမျိုးသား ၇ ယောက်နဲ့ အမျိုးသမီး ၆ ယောက် စုစုပေါင်း ၁၃ ယောက်ဖြစ်ပြီး ဘာအထောက် အထားမှမရှိဘူးတာကြောင့် တာဝန်ရှိသူတွေက သူတို့ ၁၃ ယောက်နဲ့ ထိုင်းလမ်းပြ ကားသမား ၂ ယောက်ကို လဝကဥပဒေနဲ့ အရေးယူဖို့ ဖုပ်ဖရနယ်မြေရဲစခန်းကို ခေါ်သွားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source: AEC ThaiNews