Home
မြန်မာသတင်း
ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်မှု ရပ်တန့်ရန် တောင်းဆို 
DVB
·
August 27, 2024

ရိုဟင်ဂျာတွေအပေါ် တိုက်ခိုက်တာတွေရပ်ဖို့ လူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ရိုဟင်ဂျာ ဒုက္ခသည်တွေက   တောင်းဆို ပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်မြောက် နှစ်ပတ်လည်နေ့ဆန္ဒပြပွဲတွေကို သြဂုတ်  ၂၅ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြုလုပ်ခဲ့ပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေကို တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ကိုလည်း တောင်းဆိုခဲ့ကြတာပါ။

ရိုဟင်ဂျာဒုက္ခသည်ကျောင်းသား မိုဟာမတ်ဟာရစ်က “မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရိုဟင်ဂျာတွေအပေါ်  လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့အသိုင်းအဝိုင်းနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် နိုင်ငံသားအခွင့်အရေး အပြည့်နဲ့အတူ ကျနော်တို့ နိုင်ငံကို ပြန်ချင်ပါတယ်”လို့ ပြောပါတယ်။

ရိုဟင်ဂျာအများအပြားနေထိုင်တဲ့ ဘူးသီးတောင်နဲ့ မောင်တောမှာ တိုက်ပွဲတွေ ပြင်းထန်လာပြီးတဲ့နောက် နောက်ထပ်ရိုဟင်ဂျာတွေလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထပ်ပြီး ထွက်ပြေးနေကြရပါတယ်။

အီမာမ် မူတာဇာက "ဒီမှာ ရိုဟင်ဂျာတွေပိုများလာပြီ။ ၂၀၁၇ တုန်းက စခန်းကိုရောက်လာတဲ့ ငါတို့လိုပဲ သူတို့လည်း  ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ငါတို့အားလုံး တရားမျှတမှုနဲ့ အခွင့်အရေးတွေကို လိုချင်တယ်။ အခွင့်အရေးတွေ ပြန်ရရင် ငါတို့နိုင်ငံကို ပြန်သွားမယ်"လို့ ပြောပါတယ်။

ဘူးသီးတောင်ကိုတော့ အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီးဖြစ်သလို မောင်တောကိုလည်း ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတဲ့ မောင်တောမြို့မှာလည်း ရိုဟင်ဂျာတွေထောင်နဲ့ချီပြီးပိတ်မိနေသလို တဖက်နိုင်ငံကိုထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာအများအပြားလည်း လက်နက်ကြီး ထိမှန်သေဆုံးတာတွေရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ရိုဟင်ဂျာတွေက အာရက္ခတပ်တော်ရဲ့ တိုက်ခိုက်မှုလို့ ပြောဆိုကြပေမဲ့ အာရက္ခတပ်တော်ဘက်ကတော့ ငြင်းဆိုထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီက ရိုဟင်ဂျာတွေကို စစ်သားစုဆောင်းပြီး အသုံးပြုတာတွေရှိသလို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေလည်း ရခိုင်မြောက်ပိုင်းဒေသမှာ အများအပြားရှိနေတာကြောင့် အခြေအနေက ရှုပ်ထွေးနေပါတယ်။

အာရက္ခတပ်တော်ဘက်ကလည်း စစ်ကောင်စီတပ်တွေနဲ့အတူ ဖမ်းမိတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေကို ဗီဒီယိုဖိုင်နဲ့ထုတ်ပြန်ထားတာတွေလည်း ရှိပါတယ်။

ကတ်ဖ်ယတ်အူလာက “၂၀၁၇ ခုနှစ်ကတည်းက သူတို့ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဟာ မပြီးဆုံးသေးပါဘူး။ မြန်မာစစ်အစိုးရသာမက ရက္ခိုင့်တပ်တော်ကလည်း ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်။ သူတို့လုပ်ချင်တာမှန်သမျှ ကျူးလွန်တယ်။ ရိုဟင်ဂျာတွေကို သတ်ချင်တိုင်း သတ်တယ်။ ရိုဟင်ဂျာတွေကို ရေထဲမှာတွေ့ရင် ညှဉ်းပန်းနှိပ်စက်ပြီး သတ်ပစ်တယ်။ ရိုဟင်ဂျာတွေဟာ သူတို့ရဲ့ အသက်ကို စွန့်ပြီး မြစ်ထဲကို ခုန်ချ ပြေးကြတယ်။ နယ်စပ်ကို ဖြတ်ကူးရင်း အများအပြား သေဆုံးခဲ့ပါတယ်”လို့ ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုကနေ အသက်ရှင်ကျနေတဲ့သူတွေနဲ့ တသားတည်းရပ်တည်နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၇ နှစ်ပြည့်  အောက်မေ့သတိရတဲ့အနေနဲ့ သြဂုတ် ၂၄ က သတင်းထုတ်ပြန်ရာမှာ ပြောပါတယ်။

ရိုဟင်ဂျာအသိုက်အဝန်းတွေနဲ့ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ဒေသတွင်း အကျပ်အတည်းကြောင့် သက်ရောက်မှုရှိနေသူတွေအတွက် လိုအပ်တဲ့ကူညီမှုတွေပေးအပ်ဖို့ သံန္နိဋ္ဌာန်ချထားတယ်လို့ လည်း ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။

၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ အာဆာအကြမ်းဖက်အဖွဲ့တွေက ရခိုင်ပြည်နယ်ရှိ နယ်ခြားစောင့် ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ရာကနေ မြန်မာစစ်တပ်က နယ်မြေရှင်းလင်း စစ်ဆင်ရာမှာ ရိုဟင်ဂျာ ၇၄၀၀၀၀ ကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြတာဖြစ်ပြီး လက်ရှိတိုက်ပွဲတွေကြောင့် ထပ်ပြီးထွက်ပြေးလာသူတွေနဲ့ပေါင်းရင် သန်းနဲ့ချီရှိနေပြီလို့လည်းသိရပါတယ်။ 

ထက်အောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013