Home
နိုင်ငံတကာ
ဗြိတိန်အစိုးရက အခွန်တိုးကောက်ပြီး ပြည်သူ့ဝန်ဆောင်မှုအတွက် ပေါင် ၄၀ ဘီလီယံ သုံးမည်
DVB
·
October 31, 2024
ဗြိတိန်ဘဏ္ဍာရေးဝန်ကြီး ရေချယ်-ရိဗ်။ (Photo-Reuters)

၁၄ နှစ်ကြာ အတိုက်အခံအဖြစ် ရပ်တည်ခဲ့ပြီးနောက် ဗြိတိန်နိုင်ငံရဲ့ လေဘာအစိုးရက ပထမဆုံး ဘတ်ဂျက်အစီအမံကို အောက်တိုဘာ ၃၀ ရက်မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဆယ်စုနှစ် ၃ ခုတာအတွင်း အမြင့်ဆုံးအခွန်တိုးကောက်မယ့် အစီအစဉ် ပါဝင်လာခဲ့ပြီး အဲဒီကနေ ရရှိလာတဲ့ ပေါင် ၄၀ ဘီလီယံကို အများပြည်သူဝန်ဆောင်မှုအတွက် အသုံးပြုသွားမယ်လို့ ဘဏ္ဍာရေးဝန်ကြီး ရေချယ်-ရိဗ် ကိုယ်တိုင် ကြေညာခဲ့ပါတယ်။

ပထမဆုံး အမျိုးသမီးဘဏ္ဍာရေးဝန်ကြီး ဖြစ်လာတဲ့ ရိဗ်က အမျိုးသားကျန်းမာရေး ဝန်ဆောင်မှုဌာန (NHS) ကို ပေါင် ၂၅ ဘီလီယံအထိ ထပ်ဆောင်းထောက်ပံ့ပေးမှာ ဖြစ်သလို အများပြည်သူဆိုင်ရာ ကဏ္ဍတွေအတွက်လည်း ပါဝင်တယ်ဆိုပြီး ကတိပြုပါတယ်။

ဒါဟာ ကိုဗစ်-၁၉ ကပ်ဘေးကြီး ဖြစ်ပွားပြီးနောက်ပိုင်း ဆေးကုသမှုခံယူဖို့အတွက် စောင့်ဆိုင်းနေရတဲ့ လူစာရင်း စံချိန်တင် မြင့်တက်လာတာကြောင့် ဖြစ်ပါတယ်။

ဒီလိုမျိုး အခွန်းစည်းကြပ်မှု အများစုဟာ စီပွားရေးလုပ်ငန်းတွေဆီက အဓိကလာမှာဖြစ်ပြီး အရင် ကွန်ဆာဗေးတစ်အစိုးရ ချန်ထားခဲ့တဲ့ စီးပွားရေး ‘တွင်းနက်ကြီး’ ကို ဖာထေးနိုင်ဖို့ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဇူလိုင်လ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လေဘာပါတီရဲ့ အခွန်တိုးကောက်မှုက စီးပွားရေးဖွံ့ဖြိုးမှုကိုသာ အဟန့်အတားဖြစ်နိုင်တယ်လို့ ကုမ္ပဏီပိုင်ရှင်တွေ အနေနဲ့ စောဒကတက်ခဲ့ကြပါတယ်။

အခုလိုမျိုး အခွန်စည်းမျဉ်းတွေ ပြောင်းလဲရာမှာ အလုပ်သမားတွေအတွက် အကာအကွယ်ပေးမှု အသစ်နဲ့ အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ပေးတာမျိုးအထိ ပါဝင်လာပါတယ်။

ဒါ့အပြင် ရိဗ်က လောင်စာဆီအပေါ် အခွန်ကောက်ခံမှု ဆိုင်းငံ့ထားတာကို သက်တမ်းတိုးခဲ့သလို စည်ဘီယာရောင်းချမှု အပေါ်မှာလည်း အခွန်လျှော့ချပေးခဲ့ပါတယ်။

‘အကောင်ကြီးကြီးတွေ’ ဟာ အခွန်များများပေးရမှာပဲလို့ ဝန်ကြီးချုပ် ကီယာ စတာမာက သတိပေးထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013