Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို ဖိတ်ခေါ်မှု ပြန်သုံးသပ်ရန် တရုတ်ကို  NUG တိုက်တွန်း 
DVB
·
October 30, 2024

မဟာမဲခေါင်ထိပ်သီး အစည်းအဝေးတက်ဖို့ တရုတ်နိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ခေါ်တာဟာ မြန်မာလူထုရဲ့အထင်လွဲမှားမှုကိုခံရနိုင်တဲ့အကြောင်းတဲ့ အခုလို ဖိတ်ခေါ်မှုကို ပြန်သုံးသပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တရုတ်အစိုးရကို  တိုက်တွန်း တောင်းဆို လိုက်ပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နိုဝင်ဘာ ၆ ရက်နဲ့ ၇ ရက် နှစ်ရက်တာ ကျင်းပမယ့် မဟာမဲခေါင်ထိပ်သီး အစည်းအဝေးကို တက်ရောက်ဖို့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖိတ်ကြားထားတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာမှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရက အခုလိုသတိပေးလိုက်တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ တရုတ်နိုင်ငံအပေါ်ထားတဲ့သဘောထားကို ဒီနှစ်အစပိုင်း ကတည်းက တရားဝင်ထုတ်ဖော်ထားပြီးဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေး ပြည်သူအချင်းချင်း ချစ်ကြည်ရေးနဲ့ အိမ်နီးချင်းကောင်းပြီသစွာရပ်တည်ဖို့ တရုတ်နိုင်ငံ တနိုင်ငံတည်းသာရှိတယ်ဆိုတဲ့ မူဝါဒကို ထုတ်ဖော်ပြောဆိုပြီးသားဖြစ်တဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံကိုလာဖို့ ဖိတ်ခေါ်တာက မြန်မာလူထုရဲ့ အထင်မြင်လွဲမှားမှုကိုခံရနိုင်တာကြောင့် ပြန်စဉ်းစားဖို့လိုတယ်လို့ NUG  သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြောပါတယ်။

"တရုတ်နိုင်ငံဟာ အင်အားကြီးအိမ်နီးချင်းကောင်းတဦးလို့ ကျနော်တို့ သဘောထားရှိပါတယ်။ တချိန်တည်းမှာ အကြမ်းဖက်မင်းအောင်လှိုင်ကို တရုတ်နိုင်ငံ လာဖို့ ဖိတ်ကြားတယ်ဆိုတာ ကြားသိရတာ ကျနော်တို့အနေနဲ့ စိတ်မကောင်း စိုးရိမ်ပူပန်မှု ဖြစ်မိပါတယ်။ မြန်မာနိုင်ငံမှာ ပဋိပက္ခတွေဖြစ်၊ မတည်ငြိမ်မှုတွေဖြစ်အောင် ဖန်တီးနေတဲ့  လူသတ် အကြမ်းဖက်မှုတွေ ဖန်တီးနေတဲ့ လူသတ် အကြမ်းဖက်သမားကြီး မင်းအောင်လှိုင်ကို ဖိတ်ခေါ်တယ်ဆိုတဲ့ သတင်းသာမှန်ခဲ့ရင်တော့ ဖိတ်ခေါ်မှုကို ပြန်လည်သုံးသပ်သင့်တယ်ဆိုတာ ထင်မြင်မိပါတယ်။"

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူတဲ့အချိန်ကနေ ဒီကနေ့အချိန်ထိ အာဏာသိမ်းစစ်ခေါင်းဆောင်ကို နိုင်ငံအရေးအရရော စီးပွားရေးအရပါ နေရာပေးဆက်ဆံပြီး မြန်မာပြည်တွင်းရေးကို အရင်ကထက်ပိုပြီး စွက်ဖက်လာတဲ့ တရုတ်နိုင်ငံအပေါ် မြန်မာလူထုက ကျေနပ်ခြင်းမရှိသလို မြန်မာပြည်တွင်းမှာလည်း တရုတ်ဆန့်ကျင်လှုပ်ရှားမှုတွေပြုလုပ်တဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။

လက်ရှိမှာလည်း တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးပြောဆိုမှုတွေရှိလာတဲ့အပေါ်မှာလည်း တရုတ်နိုင်ငံအပေါ် မြန်မာလူထုရဲ့ မလိုလားတဲ့ တုံ့ပြန်မှုတွေရှိလာတာကြောင့် မြန်မာနိုင်ငံအတွင်းမှာ တရုတ်မုန်းတီးရေးလှုပ်ရှားမှုတွေ ရှိလာမှာကို နိုင်ငံရေးအသိုက်အဝန်းက စိုးရိမ်မှုတွေရှိနေပါတယ်။

တမ္ပဒီပ အင်စတီကျုမူဝါဒလေ့လာရေးအဖွဲ့ ဒါရိုက်တာ ဒေါက်တာခင်ဇော်ဝင်းကတော့ တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့ သိသိသာသာ ထိတွေ့ဆက်ဆံလာတာတွေက  မြန်မာနိုင်ငံအတွင်းမှာ တရုတ်နိုင်ငံအပေါ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေ ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာတွေပဲလို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ တော်လှန်ရေးအင်အားစုတွေကို တရုတ်နိုင်ငံဘက်ကဖိအားပေးမှုတွေကြောင့် တရုတ်အပေါ်မုန်းတီးမှုတွေပိုများလာနိုင်ပေမဲ့ ဒါတွေကို တရုတ်ဘက်က သတိကြီးကြီးထားပြီး ကိုင်တွယ်နိုင်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦး (CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ နီးစပ်တဲ့ဆက်ဆံမှုတွေရှိလာတာကြောင့် မြန်မာပြည်တွင်းမှာ တရုတ်ဆန့်ကျင်လှုပ်ရှားမှုတွေရှိလာ ရှိလာနိုင်သလားဆိုတာ တဖွဲ့ချင်းစီရဲ့သဘောထားပေါ်မှာသာ မူတည်နေပြီး တော်လှန်ရေးကာလမှာတော့ တရုတ်နိုင်ငံနဲ့ ထိပ်တိုက်တွေ့နိုင်မယ့် ပြဿနာမျိုးကို ရှောင်ရှားပြီး တော်လှန်ရေးအတွက် လုပ်စရာရှိတ ဆက်လုပ်နေဖို့လိုတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအပြင် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တချို့ကို တရားဝင် ထိတွေ့ဆက်ဆံခြင်း မလုပ်တာဟာ အနောက်နိုင်ငံတွေနဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိနေတယ်ဆိုတဲ့  သံသယကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ တရုတ်နိုင်ငံဘက်က သူတို့ဩဇာသက်ရောက်မှုရှိနေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ တွေကို အာဏာသိမ်းစစ်ကောင်စီနဲ့ တွေ့ဆုံဆွေနွေးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပေးထားတဲ့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကိုယူဖို့ ဖိအားပေးပြောဆိုနေမှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်မှာ အခြေချထားတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တချို့ဟာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံဘက်က မြန်မာနယ်စပ်မှာရှိနေတဲ့ တရုတ်ကုန်သွယ် ရေးနယ်စပ်ဂိတ်တွေကို ပိတ်လိုက်ပြီး  ဖြတ် ၅ ဖြတ်စနစ်နဲ့  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ခဲ့ပါတယ်။

ဒီလထဲမှာ မန္တလေးမြို့မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံး ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုမရှိပေမဲ့ အဆောက်အဦးအနည်းငယ်ထိခိုက်ပျက်စီးသွားခဲ့တဲ့အပေါ် တရုတ်နိုင်ငံဘက်က ဒေါသထွက်ခဲ့ပြီး တရားခံကို အမြန်ဆုံးဖော်ထုတ်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆိုထားပါတယ်။

အောင်သူ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024