မကွေးတိုင်း၊ ငဖဲမြို့နယ် အမ်း-ငဒါန်းလမ်းပိုင်းမှာ အမ်းမြို့နယ်ဘက်ကနေ ရိက္ခာပို့ပြီး ပြန်လာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးခဲ့တယ်လို့ အရှိုချင်းကာကွယ်ရေးတပ်က အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ ရက် နေ့လယ် ၁၂ နာရီခွဲမှာ ရိက္ခာပို့ပြီးပြန်လာတယ့် စစ်ကား ၂ စီးနဲ့ ဆိုင်ကယ် ၂ စီးပါတဲ့ စစ်ကြောင်းကို အမ်း-ပဒါန်းကားလမ်းဘေး စပ်စီကျေးရွာအနီး ဝက်စာကျင်းလမ်းဆုံမှာ တိုက်ခိုက်ခဲ့တာပါ။
ထိတွေ့တိုက်ပွဲ နာရီဝက်လောက်ကြာမြင့်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးသေဆုံးပြီး ကာကွယ်ရေးတပ်တွေဘက်က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။
“စစ်တပ်ဘက်က ခန့်မှန်းအင်အားက ၄၀ လောက်ပါတယ်၊ ကျနော်တို့က ချုံခို တိုက်ခိုက်ခဲ့လို့သာ ရန်သူဘက်က ဘယ်နှစ်ယောက် သေသလဲဆိုတာ သိခဲ့ရတာပါ။ အလောင်းတွေ ဘယ်သယ်သွားလဲ ဆိုတာကတော့သေချာမသိရသေးဘူး”လို့ အရှိုချင်းကာကွယ်ရေးတပ်တာဝန်ရှိသူက ပြောပါတယ်။
တိုက်ခိုက်မှုကို အရှိုချင်းကာကွယ်ရေးတပ် ACDF နဲ့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။