မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပျူစောထီးတွေ နေထိုင်တဲ့ ကန်နီရွာက ရွာသား ၃၀ ကျော်ဟာ အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်တွေမှာ PDF တွေရှိတဲ့ ကျေးရွာတွေဆီ ထွက်ပြေးတိမ်းရှောင်လာကြတယ်လို့ ဒေသ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။
မကွေးတိုင်းထဲက ပျူစောထီးတွေနေထိုင်ရာ ရွာတွေကို စစ်ကောင်စီက လက်နက်နဲ့ ရိက္ခာ မထောက်ပံ့တာ အချိန် ၆ လကျော်ကြာမြင့်လာပြီဖြစ်လို့ စားဝတ်နေရေး ခက်ခဲတဲ့အခြေအနေမှာ ထွက်ပြေးလာကြတာလို့ PDF တွေဆီမှာ ထွက်ဆိုထားကြပါတယ်။
ကန်နီရွာမှာ ကိုကျော်ဆန်းဝင်း ဆိုသူ ပျူစာထီးခေါင်းဆောင် အုပ်ချုပ်နေတာဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းမှာ ငွေစက္ကူတွေကို မိတ္တူဆွဲပြီး ရွာသားတွေကို သုံးခိုင်းခဲ့သူ ဖြစ်ပါတယ်။
မြိုင်မြို့နယ် PDF ခေါင်းဆောင်တယောက်က “အမျိုးသား ၁၃၊ အမျိုးသမီးက ၁၅၊ ကလေးငယ်က ၇ ယောက်ဗျ။ ကျနော်တို့ လိုချင်တဲ့ အချက်အလက်လေးတွေမေး၊ ကျန်တဲ့ ပြည်သူကတော့ ပြည်သူလိုပဲ သူတို့သွားချင်တဲ့ခရီးကို ကျနော်တို့ စီစဉ်ပေးမှာပေါ့နော်။ လက်နက်ကိုင်တဲ့ ပါဝင်ပတ်သက်တဲ့သူကတော့ ကျနော်တို့ စောင့်ကြည့်တာလေးတွေ ထိန်းသိမ်းတာလေးတွေ ရှိမှာပေါ့နော်။ လက်နက်ကိုင်အဖွဲ့ကလည်း ဒီအတိုင်းချည်း လွှတ်လို့လည်း မဖြစ်သေးဘူးလေ။ စိစစ်နေကြတယ်ဗျ၊ အခုမှ စိစစ်မလို့ပါပဲ” လို့ ပြောပါတယ်။
မကွေးဒေသခံနိုင်ငံရေးသမားတယောက်က “ပြီးခဲ့တဲ့ ၆ လ၊ ၇ လလောက်ကတည်းက တစာစာ အော်နေကြတာလေ။ တယ်လီဂရမ်ချန်နယ်တွေမှာရော၊ Facebook တွေမှာရော ပျူတွေဘက်က အဲဒီလိုခက်ခဲနေပြီ စားရေးသောက်ရေးတွေ၊ တချို့ဆိုရင် ပြောင်းဖူးစေ့တွေ ပြုတ်စားရတာ၊ ဆန်လုံးလုံးပြတ်သွားတာမို့ ရရာ ဆန်ကွဲတို့၊ အာလူးတို့တောင် စားနေရပါပြီဆိုပြီးတော့မှ ကြားခဲ့ သိခဲ့ရတာလေ။ မြိုင်နယ်က ပျူရွာတရွာဆိုရင် ရွာခေါင်းဆောင်တယောက်က ရွာထဲက ငွေစက္ကူတောင်သူက အကုန်သိမ်းပြီးတော့မှ မိတ္တူဆွဲပြီးတော့မှ သုံးခိုင်းနေတာ ကျနော်တို့ သတင်းမှာ တွေ့ရတယ်လေ။ ဆိုလိုတာကတော့ အဲဒီလိုလူတွေ ဦးဆောင်နေတဲ့နေရာတွေကတော့ သူတို့ကတော့ အသေခံပြီးတော့ပဲ မအလကို ထောက်ခံသွားမယ့်သဘောတော့ ရှိတာပေါ့” လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာတော့ ပျူစောထီးတွေနေတဲ့ ရွာအများစုကို PDF တွေက ပိတ်ဆို့ထားတာ၊ ထိုးစစ်ဆင် တိုက်ခိုက်တာတွေကြောင့် စစ်ကောင်စီရဲ့ တိုက်ရိုက် အထောက်အပံ့ရတဲ့ ရွာတွေကလွဲပြီး ပျူစောထီးတွေ နေထိုင်တဲ့ ကျန်တဲ့ရွာတွေမှာ နေထိုင်သူတွေဟာ ရှင်သန်ရပ်တည်ဖို့ ခက်ခဲနေကြပါတယ်။
ပျူစောထီးတွေရှိတဲ့ ရွာတွေမှာ နေထိုင်သူတိုင်းဟာ လက်နက်ကိုင်တွေ မဟုတ်ကြဘဲ လက်နက်ကိုင်ထားတဲ့ ပျူတွေက ခြိမ်းခြောက်တာကြောင့် ပိတ်မိနေသူတွေလည်း အများအပြား ရှိနေတာပါ။
စစ်ကိုင်း-မန္တလေးနယ်စပ်မှာ PDF တွေက ပူးပေါင်းတိုက်ခိုက်နေကြသလို ပျူစောထီးအဖွဲ့တွေ ကြားထဲမှာလည်း အလားတူချိတ်ဆက်ဆောင်ရွက်တာတွေ ရှိနေတာပါ။
ပုလဲပအဖမှ ကိုကျော်စိုးဝင်းက “ဘယ်လိုရိုက်ထည့်ထားမှန်းမသိဘူး မင်းအောင်လှိုင်က နော့။ မင်းအောင်လှိုင်က ကြိုက်သလိုလုပ်ပေး၊ ကျနော်တို့က လက်ရှိ ပုလဲနယ်မှာ အုပ်စိုးမှုနယ်မြေက ပုလဲ၊ ဇီးဖြူကုန်း၊ အင်မထိ၊ ကမ်းထောင့်ကလွဲရင် ကျနော်တို့ လွှမ်းခြုံမှုရထားပြီးပါပြီ။ ကျနော်တို့ မကြာခင်မှာ ဇီးဖြူကုန်း၊ အင်မထီး၊ ကမ်းထောင့်တို့ကို တိုက်ပွဲတွေ သိမ်းတော့မယ်။ သူတို့ဘာသာ သူတို့ ဘဝတွေမလှလည်း ကျနော်တို့မဆိုင်တော့ဘူးပေါ့ဗျာ။ ကျနော်တို့လည်း စီမံထားကြတာကိုး။ အခုအချိန်မှာ ကျနော်တို့နဲ့ သက်ဆိုင်ရာတွေ တိုက်နယ်တွေနဲ့ ချိတ်ဆက်ပြီးတော့ အလင်းဝင်မယ်ဆိုရင်တော့ မီသေးတယ်ဗျ။ ဒါပဲ ကျနော်တို့ ပြောလို့ရမှာ” လို့ ပြောပါတယ်။
မန္တလေး၊ မြင်းခြံခရိုင်တပ်ရင်း-၇ မှ ဗိုလ်ဇီးရိုးက “တခါတလေကျရင် ကျနော်တို့ အတွေ့အကြုံအရ ပျူတွေက တိုက်ပွဲတွေမှာဆိုရင် စစ်သားတွေထက်တောင် ပိုပြီးတော့ မာတာ ရှိတယ်ဗျ။ အဲဒီတော့ သူတို့ကိုတော့ ကျွန်တော်တို့တော်တော်တော့ သတိတော့ထားရမယ်။ လျှော့တွက်လို့ မရဘူးပေါ့နော်။ စစ်ကိုင်းတိုင်းလိုဟာမျိုးဆိုရင်တော့ သူတို့မရတော့ဘူးပေါ့။ မန္တလေးတိုင်းလိုဟာမျိုးဆိုရင်တော့ နည်းနည်းပါးပါး ရောညှပ်သွားတာမျိုးတွေဆိုတော့ နည်းနည်းလွတ်လပ်နေသေးတာပေါ့ဗျာ။ မြို့ပေါ်မှာဆိုလည်း ဧရိယာတခွင်လုံးက သူတို့စိုးမိုးထားသလို ဖြစ်နေတဲ့အခါကြတော့ အခုအချိန်ကတော့ သူတို့အတွက် ထူးခြားပြီးတော့ ဒုက္ခမရောက်ဘူးပေါ့။ တချို့ စစ်ကိုင်းတိုင်းထဲမှာတော့ တော်လှန်ရေးအင်အားစုတွေ ဝိုင်းထားတဲ့ ရွာမျိုးထဲမှာဆိုရင်တော့ အပြင်လည်းထွက်လို့မရ စစ်ကြောင်းလည်း ထိုးလို့မရဘူးပေါ့နော်။ ရွာထဲမှာတင် တော်တော်လေးအခက်အခဲဖြစ်နေကြတာမျိုးတွေ တွေ့နေရတာရှိပါတယ်။ မန္တလေးတိုင်းထဲမှာတော့ ပျူတွေ စကစတွေအတွက် နည်းနည်းအခြေအနေ ကောင်းနေသေးတဲ့ အနေအထားမှာရှိနေသေးပါတယ်” လို့ ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မြင်းခြံခရိုင်က ဒေါ်သီတာယုမွန်၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်က ဦးဝါသဝနဲ့ မကွေးတိုင်း ပေါက်မြို့နယ်က ပေါက်ကိုယ်တော်တို့ဟာ နာမည်ကျော်ပျူစောထီးခေါင်းဆောင်တွေဖြစ်ပြီး ထောင်နဲ့ချီတဲ့ တပ်သားတွေကို စစ်သင်တန်းပေးပြီး စုဖွဲ့ထားကြတာဖြစ်ပါတယ်။
တော်လှန်ရေးအင်အားစုတွေက လက်နက်ကိုင်လမ်းစဉ်ကို စတင်တာနဲ့တပြိုင်တည်းမှာ စစ်ကောင်စီကလည်း ပျူစောထီးတွေကို စစ်သင်တန်းတွေပေးပြီး ပြည်သူအချင်းချင်း တန်ပြန်တိုက်ခိုက်ကြဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။
ပျူစောထီးအစုအဖွဲ့တွေဟာ PDF တွေလိုပဲ သတင်းအချက်အလက်ဝေမျှတာ၊ လက်နက်နဲ့ ရိက္ခာထောက်ပို့တာ၊ ရန်ပုံငွေရှာဖွေတာ စတဲ့နည်းလမ်းတွေကို အသုံးပြုခဲ့တာကြောင့် စစ်ကောင်စီရဲ့ ထောက်ပို့အားနည်းနေချိန်တွေမှာတောင် ရှင်သန်ရပ်တည်နိုင်ကြတာလို့ မန္တလေးဒေသခံ နိုင်ငံရေးသမားတယောက်က သုံးသပ်ပါတယ်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မိုးထက်နေက “သီတာယုမွန်ပေါ့ဗျာ၊ သူသည် အစောကြီးကတည်းက အမျိုးသားရေးအခြေခံကနေ လှုပ်ရှားတဲ့သူမျိုးပေါ့ဗျာ။ စစ်တပ်နဲ့လည်း နီးစပ်တယ်။ ကြံ့ခိုင်ရေးရဲ့ ခရိုင်စည်းရုံးရေးမှူးလည်း ဖြစ်တယ်ပေါ့ဗျာ။ စီးပွားရေးလည်း အခြေခံကောင်းတဲ့ဟာမျိုးပေါ့။ သူ့ကိုထောက်ခံတဲ့ အင်အားစုက အဲဒီဘက်မှာရှိပြီးသားပေါ့။ တလျှောက်လုံးကတော့ သူက မြင်းခြံ၊ တောင်သာ အဲဒီဘက်မှာ စစ်တပ် ထောက်ခံတဲ့ဘက်ကနေ တလျှောက်လုံးရပ်ခံပြီးတော့ လှုပ်ရှားလာတဲ့သူ ဖြစ်တယ်ပေါ့။ ပြီးတော့ သူက အစောဆုံးပဲ ပြည်သူ့စစ်သင်တန်းတွေ ဖွင့်တာမျိုးပေါ့။ ကျနော်တို့က လူများတဲ့အခါကျတော့ ဦးဝါသဝတို့၊ ပေါက်ကိုယ်တော်တို့ ဒီလိုလူမျိုးတွေကို အာရုံကျနေကြတာပေါ့ဗျာ။ ဒါပေမဲ့ အစောကြီးကတည်းကပဲ သူတို့နဲ့ မရှေးမနှောင်းမှာဘဲ ဒီလိုကိစ္စမျိုးတွေကို လုပ်နေတာပေါ့နော်။ လက်နက်တွေကလည်း စစ်တပ်က တရားဝင်ပြည်သူ့စစ်ကို ချပေးတဲ့ လက်နက်မျိုးတွေအပြင် ပြင်ပဈေးကွက်က ရနိုင်တဲ့ လက်နက်မျိုးတွေကို သုံးနေတာမျိုးတွေ၊ နောက်တခါ ယာဉ်ပစ္စည်းတွေ သုံးနေတာမျိုးတွေ ရှိနေတာပေါ့။ Network ပေါ့ဗျာ သူတို့အချင်းချင်း ပူးပေါင်းဆောင်ရွက်တာမျိုးတွေကတော့ အစောကြီးကတည်းက အားကောင်းကောင်းနဲ့ ရှိနေတယ်ပေါ့ဗျာ” လို့ ပြောပါတယ်။
စက်တင်ဘာ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပျူစောထီးတွေ နေတဲ့ အင်မထီးရွာကို လေကြောင်းကနေ လက်နက်နဲ့ရိက္ခာ ပြန်လည်ထောက်ပို့ခဲ့ပြီး မြေပြင်စစ်ရေးပြန်ဖော်ဖို့ စစ်ကောင်စီက ကြိုးစားခဲ့ပါတယ်။
ဩဂုတ် ၃၀ နဲ့ ၃၁ ရက်နေ့တွေတုန်းကလည်း စစ်ကိုင်းတိုင်း၊ ပုလဲနယ်နဲ့ကပ်ရပ် မကွေးတိုင်း၊ မြိုင်နယ်ထဲက ပျူစောထီး အားကောင်းတဲ့ ကျေးရွာတွေကို လေယာဉ်နဲ့ရိက္ခာထုပ်ရာချီပြီး စစ်ကောင်စီက ပေးပို့ခဲ့တာပါ။
မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအရှိန်တွေကြောင့် မကွေးနဲ့ စစ်ကိုင်းတိုင်းထဲက ပျူစောထီးတွေကို စစ်ကောင်စီဟာ အချိန် ၆ လကျော် မထောက်ပို့နိုင်ခဲ့တာ၊ PDF တွေက စစ်ရေး အသာစီးယူပြီး မြေပြင်ထောက်ပို့လမ်းကြောင်းတွေကို ပိတ်ဆို့ထားခဲ့တာတွေကြောင့် ပျူစောထီးတွေဟာ ရှင်သန်ရပ်တည်ဖို့ ခက်ခဲလာကြတာ ဖြစ်ပါတယ်။