တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ်မှာ အောက်တိုဘာ ၂၉ ရက်က ၃ ရက်မြောက် အနေနဲ့ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းဝင်ရောက်လာလို့ လွန်လွန်ကဲကဲမိုးရွာခဲ့ပါတယ်။
ဒါကြောင့် တရုတ်ရဲ့ ဟာဝိုင်ယီလို့ သိကြတဲ့ ဟိုင်နန်ကျွန်းမှာ စံချိန်ကျိုးအောင် မိုးရွာခဲ့လို့ ကျွန်းရဲ့ တဝက်လောက် ရေနစ်မြုပ်သွားခဲ့ပါတယ်။
ဟိုင်နန်ပြည်နယ် လင်းရွှေခရိုင်မှာ ဆိုးဆိုးရွားရွား ရေလွှမ်းနေတဲ့ လမ်းတွေထဲမှာ အရေးပေါ် ဝန်ထမ်းတွေက ဒေသခံတွေကို ရာဘာလှေတွေနဲ့ ကယ်ထုတ်နေရပုံတွေကို အစိုးရပိုင်ရုပ်သံ CCTV က ပြသခဲ့ပါတယ်။
ထန်းပင်တွေ၊ ပင်လယ်ကမ်းစပ်က ဟိုတယ်တွေနဲ့ သဲသောင်ပြင်တွေကြောင့် နာမည်ကြီးတဲ့ စန်းယမြို့ အပါအဝင် ဟိုင်နန်ကျွန်းပေါ်က မြို့တွေဟာ အင်္ဂါနေ့မှာ အပူပိုင်းမုန်တိုင်း ထရာမီကြောင့် ရေနစ်မြုပ်နေခဲ့ပါတယ်။
တနင်္လာနေ့က စန်းယမြို့မှာ ၂၄ နာရီပတ်လုံး မိုးရေချိန် (၁၁ ဒသမ ၆ လက်မ)အထိ ရွာသွန်းခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ သမိုင်းကြောင်းအရ ရေကြီးတာ အထူးအဆန်း မဟုတ်ပေမဲ့ စံချိန်တင်မိုးရွာလို့ လူနေထူထပ်တဲ့ မြို့ကြီးတွေမှာ ရေလွှမ်းမိုးတာ၊ ကောက်ပဲသီးနှံတွေ ပျက်စီးတာနဲ့ ဒေသတွင်းစီးပွားရေးကို အနှောင့်အယှက် ဖြစ်တာတွေကြောင့် ကြိုတင်ကာကွယ်ရေးအတွက် အခြေခံအဆောက်အအုံနဲ့ အရေးပေါ်တုံ့ပြန်ရေး အစီအစဥ်တွေအပေါ် ဖိအားတွေ တိုးလာနေပါတယ်။
ဇူလိုင်လမှာ တရုတ်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်ကြောင့် ယွမ် ၇၆ ဒသမ ၉ ဘီလီယံ (ဒေါ်လာ ၁၀.၈ ဘီလီယံ) ဆုံးရှုံးခဲ့ပြီး ဆုံးရှုံးမှုတွေရဲ့ ၈၈ ရာခိုင်နှုန်းဟာ မိုးသည်းတာနဲ့ ရေကြီးတာကြောင့် ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။
ထရာမီ မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာလည်း လူ အယောက် ၁၅၀ ကျော် အသေအပျောက် ရှိခဲ့ပြီး အကြီးအကျယ် ရေကြီးမြေပြိုခဲ့ပါတယ်။
Source-Reuters