တရုတ်နိုင်ငံရဲ့ စီးပွားရေးမြို့တော် ရှန်ဟိုင်းမှာ ရဲတပ်ဖွဲ့က ဟောလိုးဝင်းပါတီပွဲတက်သူတွေကို အောက်တိုဘာ ၂၆ ရက်မှာ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံတချို့က ရဲစခန်းမှာ သူတို့ရဲ့ မိတ်ကပ်တွေကိုဖျက်ဖို့ အတင်းအကျပ်အခိုင်းခံရတယ်လို့ ပြောပါတယ်။
ထိန်းသိမ်းခံထားရသူတွေဟာ သူတို့ရဲ့ နာမည်၊ မှတ်ပုံတင် နံပါတ်တွေနဲ့ ဖုန်းနံပါတ်တွေကို ရဲတပ်ဖွဲ့ဆီမှာ စာရင်းသွင်းပြီးမှ ပြန်လွှတ်ပေးတာ ခံရတယ်လို့ တရုတ်လူမှုမီဒီယာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်က၊ သောက်စားမြူးထူးနေကြတဲ့ ဟောလိုးဝင်းပွဲတော်လာ လူတွေဟာ လူငယ် အလုပ်လက်မဲ့အရေးနဲ့ နိုင်ငံရဲ့တင်းကျပ်တဲ့ COVID-19 မူဝါဒတို့ကို တို့ကနန်းဆိတ်ကနန်း အပျော်လုပ် သရော်ထားတဲ့ ဝတ်စုံတချို့ကို ဝတ်ဆင်ပြီး တရုတ်စတော့ရှယ်ယာဈေးကွက်ရှိရာ ရှန်ဟိုင်းမြို့လယ်ဆီကို စည်စည်ကားကား ရောက်လာခဲ့ကြတာပါ။
အခုနှစ်မှာတော့ ရှန်ဟိုင်းမြို့လယ် လမ်းမတွေပေါ်မှာ လူစုလူဝေးတွေကို ထိန်းချုပ်ဖို့ အတားအဆီးတွေ စီတန်းချထားပြီး ရဲကားတန်းတွေနဲ့အတူ ရဲတပ်ဖွဲ့ဝင်တွေ ထူထူထပ်ထပ် တာဝန်ချထားပါတယ်။
ပါတီပွဲလာသူတယောက်က ပန်းသီးခေါင်းစည်းကို ဝတ်ဆင်ထားလို့ မောင်းထုတ်ခံရတယ်လို့ ပြောပါတယ်။
စီးပွားရေးလုပ်ငန်းပိုင်ရှင်တယောက်ကလည်း သူ့အနေနဲ့ လူမှုရေးစည်းမျဥ်းပုံနဲ့ လူထုပုံရိပ်ကို ထိန်းသိမ်းဖို့ ဘယ်လို ၀တ်စားဆင်ယင်မှု လှုပ်ရှားမှုတွေကိုမှ မစီစဉ်ဖို့ သဘောတူညီချက် တရပ်ကို လက်မှတ်ရေးထိုးဖို့ တောင်းဆိုခံထားရတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။
Source-Reuters