Home
နိုင်ငံတကာ
ထိုင်းတွင် ပြည်ပမှတင်သွင်းသော စပျစ်သီးထဲ ဓာတုဆေးပါဝင်မှုဂယက် ဈေးကွက်အတွင်း ထိခိုက်
DVB
·
October 30, 2024

ထိုင်းနိုင်ငံမှာ ပြည်ပက အထူးသဖြင့် တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ Shine Muscat  အမျိုးအစား စပျစ်သီးတွေထဲ ကျန်းမာရေးအတွက် အန္တရာယ်ရှိ ဓာတုဆေးအကြွင်းအကျန်တွေ ပါဝင်နေ ကြောင်း Thai PAN (သီးနှံဖျက်ဓာတုပစ္စည်းသတိပေးအဖွဲ့) နဲ့ စားသုံးသူများကာကွယ်ရေးအဖွဲ့တို့က သတင်းစာရှင်းခဲ့ပြီးတဲ့နောက် စပျစ်သီးတွေ ရောင်းချလို့မရတော့ဘဲ ဈေးကွက်ပေါ် ထိခိုက်နေပါတယ်။

ထိုင်း PBS သတင်းဌာနက နခွန်းရာ့ချ်ဆီမား၊ လွေး၊ ချင်းမိုင်၊ ဆုန်ခလာ၊ တရန်း အစရှိတဲ့ခရိုင်က စပျစ်သီးရောင်းသမားတွေထံ ကွင်းဆင်းမေးမြန်းကြည့်ရာမှာ ဓာတုဆေးသတင်းတွေ ထွက်ပေါ်တဲ့နောက် စပျစ်သီးတွေ ရောင်းမရတော့ကြောင်း၊ တနေ့ကို ၂- ၃ ဘူးတောင် အနိုင်နိုင်ရောင်းရတယ်၊ တချို့က ၁ ဘူးဝယ် ၁ ဘူး လက်ဆောင်ပေးတာတောင် ဝယ်သူမရှိဘူး၊ အရင်က ၁ ကီလို ၃၅၀ နဲ့ ရောင်းနေကျကို ၁ ကီလို ဘတ် ၁၅၀ - ၁၂၀ ထိ လျှော့ပေးတာတောင် ဝယ်မယ့်သူ မရှိဘူး၊ သတင်းထွက်ပြီးတဲ့နောက် ၇၀ ရာခိုင်နှုန်း အရောင်းကျတယ်၊ ဒါကြောင့် သစ်သီးဂိုဒေါင်ကနေ စပျစ်သီးမှာယူတာကို ရပ်ဆိုင်းထားတယ်၊  အမှန်က  ဒီကိစ္စ အစိုးရက တာဝန်ယူ ဖြေရှင်းပေးရမှာဖြစ်တယ်၊ နိုင်ငံထဲကို တင်သွင်းလာကတည်းက သေချာစစ်ဆေးရမှာ၊ အခုလို ဈေးဆိုင်ထဲရောက်မှ လိုက်စစ်ပြီး လိုက်ဖမ်းတာမျိုးတော့ မဖြစ်သင့်ဘူး စသဖြင့် ပြောဆိုကြတယ်လို့ ဆိုပါတယ်။

ဘန်ကောက် ကျူလာလောင်ကွန်းတက္ကသိုလ် ဇီဝသိပ္ပံဌာနမှ ကထိက ဒေါက်တာ ကျေစဒါ ဒိန်ဒုန်းပတဖန်းကတော့ သူ့အနေနဲ့ စူပါမတ်ကက်တခုကနေ Shine Muscat ဝယ်ယူပြီး စမ်းသပ်ခဲ့တာ ဓာတုဓာတ်အကြွင်းအကျန်ပါရှိပေမဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့ထိ ပမာဏ မပါဝင်ပါဘူး၊  စပျစ်သီးဈေးသည်တွေ သနားမိတယ်လို့ ပြောပါတယ်။

ဒ့ါအပြင် ဒေါက်တာက စပျစ်သီးတွေ ရေဆေးပြီး တကတ်လုံး ကုန်အောင် စားပြလိုက်တယ်၊ မကျေနပ်ရင် ဝယ်ပို့လိုက်ပါ စားပြပါမယ်လို့လည်း သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ 

အခုလို ဂယက်ထနေတာနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ အစာနဲ့ဆေးဝါးကွပ်ကဲရေးဌာန ဒုညွှန်မှူး စူလချုတ် တန်ဝိဝပ်ကတော့ တရားဝင် တင်သွင်းလာတဲ့ ပြည်ပက သီးနှံတွေကို အမြဲ စစ်ဆေးတယ်၊ စံချိန်မမီ အန္တရာယ်ရှိရင် အဝင်မခံဘဲပြန်ပို့တာရှိတယ်၊ ပြီးခဲ့တဲ့အပတ်က Thai PAN အဖွဲ့က သတင်းစာရှင်းတဲ့ထဲမှာ ၂၄ နေရာက စပျစ်သီးတွေစစ်တာ ၂၃ နေရာက ဝယ်လာတဲ့ဟာ ဓာတုအကြွင်းအကျန်ရှိတာ မှန်ပါတယ်၊ ဒါပေမဲ့ အန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားတဲ့ သုည ဒသမ သုညတစ်ရာနှုန်းထက်မပိုပါဘူး၊ သေချာဆေးကြောရင် ကျန်းမာရေးအတွက် အန္တရာယ်မရှိပါဘူး။  ပထမဆုံးရေနဲ့ဆေးပါ၊ ပြီးတော့ စားဆိုဒါလို ဆိုဒီယမ် ကာဗွန်နိတ်နဲ့  ၁၅ မိနစ်စိမ်ပါ၊ ပြီး‌တော့ ဆားရေနဲ့ ပြန်ဆေး၊ ဆေးရင် ဆေးသလောက် ဘေးကင်း ပါတယ်။ အသားထဲ စိမ့်ဝင်နေတာကတော့ အပင်သန်အောင်၊ အသီးသန်မာအောင်၊ ပိုးတွေ မကိုက်အောင် ဆေးတွေ အသုံးပြုရတာ ပုံမှန်ပါပဲ။၊ အော်ဂဲနစ် (သဘာဝစိုက်ပျိုးခြင်း) က လွဲလို့ပေါ့။ ဘာပဲဖြစ်ဖြစ် ဆေးဝါးနဲ့ အစာဌာနအနေနဲ့ ခါတိုင်းထက် ၁၀ ဆ ပိုပြီး စစ်ဆေးဖို့ရှိပါတယ်လို့  သတင်းထောက်တွေကို ဖြေကြားပါတယ်။ 

PAN အဖွဲ့ကတော့ သူတို့စစ်ဆေးချက် ရလဒ်မမှားဘူးလို့ ထပ်လောင်းအတည်ပြုပါတယ်။   စားသုံးသူ ပြည်သူအချို့ကတော့ အဲဒီနေ့သတင်းစာရှင်းပွဲမှာ အစာနဲ့ဆေးဝါးဌာန တာဝန်ရှိသူတွေလည်း ပါတယ်၊ အန္တရာယ်မရှိတဲ့အကြောင်း အဲဒီနေ့က တခါတည်း ဘာကြောင့် မပြောခဲ့သလဲ၊ ဈေးသည်တွေ အရှုံးပေါ်ပြီး စီးပွားရေးထိခိုက်မှ လာပြောတယ်ဆိုပြီး ဝေဖန်ပြစ်တင်နေကြပါတယ်။ 

အဆိုပါ Shine Muscat စပျစ်သီးဟာ အလုံးကြီး အခွံပါး အသားထူ နူးညံ့ချိုမြိန်ပြီး နှင်းဆီပန်းရနံ့ အနည်းငယ်ရှိတယ်၊ ဒီစပျစ်သီးကို ဂျပန်နိုင်ငံက ၁၈ နှစ်တာ သုတေသနပြုပြီး စိုက်ပျိုးထုတ်လုပ်တာ ဖြစ်တယ်၊ ဂျပန်မူပိုင်အဖြစ် သတ်မှတ်ပြီး နိုင်ငံခြားသို့ မျိုးစေ့တင်ပို့ခြင်းကို ကန့်သတ်ထားတယ်၊ တင်ပို့တာ တွေ့ရှိက ထောင်ဒဏ် ငွေဒဏ် ချမှတ်တယ်၊ ဒါပေမဲ့ မှောင်ခိုလောကကနေ အခြားနိုင်ငံကို ရောက်ရှိသွားပြီး တုပစိုက်ပျိုး ထုတ်လုပ်လာတာလို့ ဘန်ကောက်စီပွားရေးသတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - Thai PBS / MCOT / CH3 News / Babgkok business news

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013