ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင်ထဲမှာ ဒီကနေ့ (အောက်တိုဘာ ၂၉ ရက်) မနက်က မတော်တဆဖြစ်ပြီး တိမ်းမှောက်နေတဲ့ ကားတစီးထဲ စိတ်ကြွဆေးပြား ၁,၆၀၀,၀၀၀ သိမ်း ဆည်းရမိတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
ဒီကနေ့မနက် ၂ နာရီလောက်က ဖတ်ထနာနိခုမ်းမြို့နယ် တီလန်အုပ်စု ခုတ်တုမ်ရွာနဲ့ မနောဝ်ဝမ်ရွာကား လမ်းဘေးတနေရာမှာ ကားတစီးတိမ်းမှောက်နေကြောင်း အကြောင်းကြားချက်ရတာကြောင့် သွားရောက်စစ်ဆေးခဲ့တယ်လို့ ဖတ်ထနာနိခုမ်းနယ်မြေရဲတပ်ဖွဲ့ တာဝန်ရှ်သူက ပြောပါတယ်။
တာဝန်ရှိသူတွေရောက်သွားချိန် အနက်ရောင်တိုယိုတာကားတစ်စီး ကားမီးဖွင့်လျက် လမ်းဘေးက မြောင်းထဲထိုးကျနေပြီး ကားရှေ့မှန်တွေကွဲအက်နေသလို ရှေ့ကားဘီးလည်း ပေါက်နေတယ်၊ ထူးဆန်းတာက ထိခိုက်ဒဏ်ရာရသူတဦးတစ်ယောက်မှ မရှိသလို ယာဉ် မောင်းကလည်း ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
ကားထဲကိုစစ်ဆေးရာမှာတော့ ဆာလာအိတ် ၈ လုံးကို ကားနဲ့အပြည့်တင်လာတယ်၊ အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၁,၆၀၀,၀၀၀ ခန့်ရှိပြီး တန်ဖိုး ဘတ် ၁၀ သန်းခန့်ရှိမယ်လို့ ခန့်မှန်းတယ်။ ကားကိုစစ်ဆေးရာမှာတော့ နံပါတ်ပြားအတုဖြစ်နေပြီး ကားလိုင်စင်ပိုင်ရှင်မှာ ဗိစနုလုတ်နေ ထိုင်းအမျိုးသားတဦး ဖြစ်တယ်လို့ ဆိုပါတယ်။
တာဝန်ရှိသူတွေဟာ ကားမတော်တဆဖြစ်တဲ့ နေရာအနီးပြောင်းဖူးခင်းထဲမှာ ပျောက်ဆုံးနေတဲ့ ကားသမားကို တနာရီကျော်ကြာ ရှာဖွေခဲ့တာမှာ မတွေ့ရှိဘူး၊ တဘက်ကလည်း ကားပိုင်ရှင်ကို ခေါ်ယူစစ်ဆေးဖို့ ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
ခုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ စိတ်ကြွဆေးပြားအချီကြီးတွေကို နေ့စဉ်လို ဖမ်းဆီးရမိနေတယ်၊ အဆိုပါမူးယစ်ဆေးတွေဟာ ထိုင်းမြောက်ပိုင်းဒေသဘက်က အများဆုံးဝင်လာတာလို့ တာဝန်ရှိသူက ပြောပါတယ်။
ကိုးကား - ချနယ်လ် ၇ ထိုင်းတီဗွီ ၊ သနေရှင်း