ထိုင်းအလယ်ပိုင်း၊ စမွတ်စခွန်းမြို့မှာ အောက်တိုဘာ ၂၅ ရက် ဒီမနက် ၆ နာရီဝန်းကျင်က အရာဝတ္ထုသိုလှောင်ထားတဲ့ ဂိုဒေါင် ၄ လုံး မီးလောင်သွားပြီး တန်ဖိုး ဘတ်သန်းပေါင်း ၁၀ သန်းထက်မနည်း ဆုံးရှုံးခဲ့တယ်လို့ CH7 ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
စမွတ်စခွန်းမြို့ ဘန်ပလာရပ်ကွက်ရှိ ဂိုဒေါင်မှာ မီးလောင်မှုဖြစ်ပွါးကြောင်း သတင်းရရချင်း မီးသတ်ဌာနကို အကြောင်းကြားပြီး သွားရောက်စစ်ဆေးခဲ့တယ်၊ မီးသတ်ကား ၁၀ စီး ရောက်ရှိလာပြီး အချိန် ၂ နာရီကြာ ငြှိမ်းသတ်ခဲ့တယ်၊ ဒါပေမဲ့ မီးအရှိန်ပြင်းပြီး ပေါက်ကွဲမှုတွေပါ ရှိတာကြောင့် ဂိုဒေါင် ၄ လုံး မီးလောင်ပျက်စီးသွားတယ်၊ ဂိုဒေါင်အဆောက်အဦ ပြိုကျလာတယ်လို့ ဘန်ပလာမြူနီစီပါယ် အုပ်ချုပ်ရေးရုံး တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်ပွါးရာနေရာရှိ ဝန်ထမ်းတယောက်က အဆိုပါဂိုဒေါင်မှာ ကုမ္ပဏီအသီးသီးက ပစ္စည်းတွေသိုလှောင်ဖို့ လာငှါးထားတာဖြစ်တယ်၊ ဂိုဒေါင်တခုစီရဲ့ ပစ္စည်းပိုင်ရှင်လည်း မတူဘူး၊ မီးစလောင်တဲ့ ဂိုဒေါင်ကတော့ အတွင်းပိုင်း အစွန်ဆုံးဂိုဒေါင်ကဖြစ်ပြီး Hard Ware ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယဂိုဒေါင်မှာတော့ ဂျုံမုန့် ၊ ပလတ်စတိတ်၊ စက္ကူ အစရှိတဲ့ မုန့်လုပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေအားလုံး လောင်ကျွမ်းပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး ဘတ် ၁၀ သန်းထက် မနည်း ရှိတယ်လို့ ပိုင်ရှင်က ပြောပါတယ်။
တခြားဂိုဒေါင်မှာလည်း စက္ကူနဲ့ ပလတ်စတစ်တွေ သိုလှောင်ထားပြီး မီးလောင်ရတဲ့ အဓိက အကြောင်းရင်းကိုတော့ သက်ဆိုင်ရာက စစ်ဆေးနေဆဲဖြစ်ပါတယ်။
Source-CH7 HDNews