Home
နိုင်ငံတကာ
ထိုင်းတွင် နိုင်ငံခြားမှသွင်းသည့် အစေ့လွတ်စပျစ်သီးထဲ အန္တရာယ်ရှိ ဓာတုဆေး အကြွင်းအကျန် များ တွေ့ရှိ 
DVB
·
October 25, 2024
Photo-MGROnline

ထိုင်းနိုင်ငံမှာ  နိုင်ငံခြားကနေတင်သွင်းတဲ့ Shine Muscat အမျိုးအစား အစေ့လွတ် စပျစ်သီးထဲမှာ  ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေတဲ့ ဓာတုဆေးအကြွင်းအကျန်များစွာ တွေ့ရှိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

အဆိုပါစပျစ်သီးဟာ အလုံးကြီးပြီး  အခွံပါး၊ အသားထူတယ်၊ ချိုသောအရသာရှိတယ်၊ တန်ဖိုးကြီးတယ်၊ ၁ ကီလိုလျှင် ဘတ် ၁၀၀၀ နီးပါး ဝယ်စားနေရတာမှာ ဒီနှစ်ထဲမှာတော့ ၁ ကီလိုလျှင် ဘတ် ၆၀ မှ ၃၀၀ သာ ဈေးရှိပြီး စူပါမတ်ကတ်နဲ့ လမ်းဘေးဈေးသည်တွေထိ အလျှံပယ်ရောင်းချနေတယ်။ ၁ ထုတ်ဝယ် ၂ ထုတ်ရထိ လျှော့ပေးတာလည်းရှိတယ်၊ မသင်္ကာလို့ စစ်ဆေးကြည့်ရှုပေးဖို့ စားသုံးသူတွေက တောင်းဆိုတယ်၊ ဒါကြောင့် ဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေခဲ့တာလို့ Thai PAN (သီးနှံဖျက်ဓာတုပစ္စည်းသတိပေးအဖွဲ့) က အောက်တိုဘာ ၂၄ ရက် သတင်းစာရှင်းပွဲမှာ ပြောပါ တယ်။

သူတို့အဖွဲ့ဟာ ဘန်ကောက်နဲ့ အနီးတဝိုက်ဧရိယာရှိ နေရာပေါင်း ၁၅ ခုက စပျစ်သီးနမူနာပေါင်း ၂၄ ခုကို ဝယ်ယူပြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့တယ်၊ အဲဒီထဲက နမူနာ ၂၃ ခုထဲမှာ အန္တရာယ်ရှိ  Chlorpyrifos အမျိုးအစား ဓာတုအကြွင်းအကျန် ၉၅ ဒသမ ၈ ရာခိုင်နှုန်းထိ ပါဝင်နေတယ်၊ ဒါ့အပြင် နမူနာ ၂၂ ခုထဲမှာ ထိုင်းနိုင်ငံက အန္တရာယ်အဆင့် ၄ သတ်မှတ်ထားပြီး အသုံးမပြု တော့တဲ့ ဓာတုဆေးတွေပါ တွေ့ရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံ အစာနဲ့ဆေးဝါးကွပ်ကဲရေးဌာနကလည်း ထိုင်းနိုင်ငံဟာ စပျစ်သီးတွေကို နိုင်ငံပေါင်း ၈ နိုင်ငံကနေ ဝယ်ယူတင်သွင်းတယ်၊ ၂၀၂၂ မှ ၂၀၂၄ ခုနှစ်အတွင်း တရုတ်နိုင်ငံကနေ ၈၀ ဒသမ ၂၉ ရာခိုင်နှုန်းနဲ့ အများဆုံးတင်သွင်းခဲ့တယ်။ 

ဒီ ၂၀၂၄ ခုနှစ်ထဲမှာ သုဝဏ္ဏဘုမိ၊ လဲမ်ချဘန်း၊ ကျိန်းခေါင် စတဲ့ ဂိတ်တွေကနေတဆင့် ဘတ် ၇၂ သန်းတန်ဖိုးရှိ စပျစ်သီးအလေးချိန် ၂၆၄ တန် တင်သွင်းခဲ့တယ်၊ စံချိန်မမီတဲ့ စပျစ်သီးအမျိုးအစား ၄ မျိုးကိုတော့ ပြန်ပို့ခဲ့တယ်လို့ ဆိုပါတယ်။ 

ဓာတ်ခွဲခန်းက စစ်ဆေးလိုက်တဲ့ Shine Muscat စပျစ်သီးထဲက  ဓာတုအကြွင်းအကျန်တွေဟာ  သစ်သီးရဲ့ တစ်သျူး(အသားစ) ထဲ ပါဝင်နေတာကြောင့် ဆေးကြောရင်တောင် မသန့်စင်နိုင်ဘူး၊ စားသုံးသူတွေအနေနဲ့  အခွံကိုဓားနဲ့ခြစ်ပြီး အသီးကို ဆားရည် ဒါမှမဟုတ် ရှာလကာရည်နဲ့ ခေတ္တ စိမ်ထားကာ ရေနဲ့ထပ်မံ ပြန်ဆေးပြီးမှ စားသုံးဖို့ တိုက်တွန်းတယ်၊ လက်ရှိဈေးကွက်ထဲက Shine Muscat စပျစ်သီးရောင်းချနေသူတွေလည်း ဆက်ပြီးမရောင်းဖို့ မေတ္တာရပ်ခံတယ်။ 

အစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာနအနေနဲ့ ကျန်းမာရေးဌာနနဲ့ ပူးပေါင်းပြီး အန္တရာယ်ရှိ သီးနှံတွေ ဆက်လက်စစ်ဆေးထိန်းချုပ်သွားမယ်လို့ ထိုင်းအစာနဲ့ဆေးဝါးဌာန တာဝန်ရှိသူက သတင်းစာ ရှင်းပွဲမှာ ပြောသွားပါတယ်။ 

Source:  MGROnline /  ThaiPBS 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013