Home
နိုင်ငံတကာ
ထိုင်း The Icon Group အွန်လိုင်းလိမ်လည်မှု လာရောက်တိုင်ကြားသူ ၇၅၀၀ ကျော်ရှိ 
DVB
·
October 24, 2024

ထိုင်းနိုင်ငံမှာ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင်တွေ ပါဝင်တဲ့ The Icon Group အွန်လိုင်းရင်းနှီးမြှုပ်နှံလိမ်လည်မှုကြီးမှာ အလိမ်ခံရတယ်လို့ လာရောက်တိုင်ကြားထားသူပေါင်း ၇၅၀၀ ကျော်သွားပြီလို့ PPTV HD 36 ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

အောက်တိုဘာ ၁၀ ရက်မှ ၂၃ ရက်အထိ  ဗဟိုမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှာ လာရောက် တိုင်ကြားထားသူ ၇၆၀၆ ယောက်ရှိပြီး  ဆုံးရှုံးမှုငွေပမာဏ ဘတ်ငွေသန်းပေါင်း ၂၂၆၂  ရှိတယ်လို့  မှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့ ပြောခွင့်ရ ရဲမှူးကြီး အခရဒေချ် ဖိမွန်းဆီက ပြောပါတယ်။

လာရောက်တိုင်ကြားထားတဲ့အထဲက တယောက်ချင်းစီ လူတွေ့ထပ်မံစစ်ဆေးတာမှာ ၃၂၂၆ ယောက် စစ်ဆေးပြီးစီးသွားပြီဖြစ်ပြီး  နစ်နာဆုံးရှုံးမှုပေါင်း ဘတ်သန်းပေါင်း ၁၀၈၇ ရှိတယ်၊ လာရောက်တိုင်ကြားထားသူတွေထဲမှာ  အမှန်တကယ် စည်းရုံးခံရပြီး  နစ်နာဆုံးရှုံးသူလား၊ ဒါ မှမဟုတ် ရင်းနှီးဖို့ လူတွေကို စည်းရုံးခဲ့လို့ အပြစ်ပေါ့အောင် ဦးစွာလာတိုင်သလား ဆိုတာကိုလည်း စစ်ဆေးနေတယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

ဒါ့အပြင် The Icon Group တွေ့ဆုံမိတ်ဆက်ပွဲတခုမှာ ရဲအရာရှိတယောက် ဝတ်စုံပြည့်နဲ့ တက်ရောက်ခဲ့တဲ့ပုံတွေ လူမှုကွန်ရက်မှာ တက်လာပြီးတဲ့နောက် စုံစမ်းစစ်ဆေးနေကြောင်း၊ အဆိုပါရဲမှာ လက်ရှိ ဆလာပူရီခရိုင်မှာ ဒုရဲတပ်ဖွဲ့မှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်နေတယ်၊ အကျိုးအမြတ်ကိစ္စ ပါဝင်ပတ်သက်မှု ရှိ၊ မရှိလည်း စစ်ဆေးနေဆဲလို့ ဆိုပါတယ်။

အလားတူ The Icon Group ရဲ့ ကုမ္ပဏီခွဲဖွင့်ပွဲတခုမှာ ကြွရောက်ပြီး အန္တရာယ်ကင်းတရား ဟောခဲ့တဲ့ ထိုင်းနိုင်ငံ နာမည်ကြီးဘုန်းကြီး ဖရာဝေါ ဝချီရမေထီ ဟာလည်း ကုမ္ပဏီနဲ့ ပတ်သက်တယ်ဆိုပြီး ရှေ့နေအဖွဲ့ရဲ့  တိုင်ကြားခြင်း ခံထားရပါတယ်။

အဆိုပါဘုန်းကြီးဟာ သူဌေးဖြစ်ချင်ရင် The Icon Group ကဖွင့်တဲ့ သင်တန်းကို တက်ရောက်လေ့လာပြီး ဇွဲလုံ့လနဲ့ အလုပ်ကြိုးစားကြဖို့ တိုက်တွန်းခဲ့တယ်၊ တရားပွဲအပြီး ကုမ္ပဏီဦးဆောင်ဒါရိုက်တာ ဘော့စ်ဖော်လ်က ဘတ်ငွေ တသန်း ပညာရေးရန်ပုံငွေ ကပ်လှူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဘုန်းကြီး သီတင်းသုံးနေတဲ့ ချင်းရိုင်ခရိုင်ရှိ အပန်းဖြေဟိုတယ်တမျှ ခမ်းနားတဲ့ ကျောင်းတိုက်ကို သွားရောက်စစ်ဆေးခဲ့ပြီး ကျောင်းဝင်းဧရိယာ တိုးချဲ့ရာမှာ သဘာဝအမျိုးသား ဥယျာဉ်ပိုင်နက်ထဲ ကျူးကျော်မှု ရှိ၊ မရှိလည်း စစ်ဆေးဆဲလို့ ဆိုပါတယ်။

စွပ်စွဲခံရတဲ့ ဘုန်းကြီးကတော့ ဂျပန်နိုင်ငံမှာ သီတင်းသုံးနေပြီး ဘယ်နေ့ ထိုင်းကို ပြန်လာမလဲ ဆိုတာ မသိသေးဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ The Icon Group  အမှုဆောင်ဒါရိုက်တာနဲ့တကွ အပေါင်းပါ ၁၈ ယောက်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့က သွားရောက်စစ်ဆေးပြီး  နေရာပေါင်း ၁၁ နေရာက စုစုပေါင်း ဘတ်သန်းပေါင်း ၄၀၀ ကျော် တန်ဖိုးရှိ မော်တော်ကား၊ လက်ပတ်နာရီ၊ ရွှေငွေ လက်ဝတ်လက်စား၊ နာမည်ကြီးအမျိုးအစား လက်ကိုင်အိတ် စတာတွေ သိမ်းဆည်းခဲ့ပါတယ်။

ဒါပေမဲ့ ရဲတပ်ဖွဲ့က သိမ်းယူခဲ့တဲ့ ရွှေငွေ လက်ဝတ်လက်စားနဲ့ အဖိုးတန် နာရီတွေဟာ ဘေ့ာစ်ဖောလ် ဝတ်ဆင်ခဲ့တဲ့ နာရီတွေနဲ့မတူဘဲ အတုတွေသာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

လာဘ်စားမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့ကတော့ သူတို့အနေနဲ့ အဖွဲ့လိုက်သွားပြီး အိမ်ထဲတွေ့တဲ့ ပစ္စည်းတွေ သိမ်းယူခဲ့တာဖြစ်တယ်၊ ပစ္စည်း အတု အစစ် ဆိုတာကတော့ ကျွမ်းကျင်သူတွေက ဆက်လက်စစ်ဆေးသွားမယ်လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

The Icon Group အခုလို ပြဿနာတက်နေရတာနဲ့ပတ်သက်လို့ အရင်က သူတို့ဆီကနေ လာဘ်စားထားသူတွေကို တရားပြန်စွဲမယ်လို့ အမှုဆောင်ဒါရိုက်တာ ဘော့စ်ဖောလ်က ပြောကြောင်း သူ့ရဲ့ရှေ့နေက ပြောပါတယ်။

The Icon Group ရဲ့ လုပ်ရပ်တွေကို လူအများသိအောင် ချမပြစေချင်ဘူးဆိုရင် ငွေသိန်း သန်းချီပေးရမယ်လို့ ပြောခဲ့သူတွေ ရှိတယ်။ နိုင်ငံရေးပါတီအသိုင်းအဝိုင်းကလည်း ပါတယ်၊ တောင်းတဲ့ငွေ ပေးပြီးကာမှ ခုလိုပြဿနာပေါ်အောင် ဖွင့်ပြောလို့ ပြန်ပြီးတရားစွဲမှာလို့  ရှေ့နေက ပြောသွားပါတယ်။

Source:  PPTV HD 36  / Top News  / Ch3 TV News

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013