အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ပါလက်စတိုင်း ၄၅ ယောက် သေဆုံးခဲ့ပြီးနောက် ဟားမတ်စ်တွေ ဖမ်းထားတဲ့ အစ္စရေးဓားစာခံ ၄ ယောက်ကို ပါလက်စတိုင်း အကျဉ်းသားတွေနဲ့ လဲလှယ်နိုင်ရေး ဂါဇာမှာ ၂ ရက်ကြာ အပစ်အခတ်ရပ်စဲဖို့ အီဂျစ်သမ္မတက အောက်တိုဘာ ၂၇ ရက်မှာ အဆိုပြုခဲ့ပါတယ်။
အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ CIA နဲ့ အစ္စရေးရဲ့ မော့ဆက်ဒ် ထောက်လှမ်းရေးအေဂျင်စီတို့က ညွှန်မှူးတွေ ပါဝင်တက်ရောက်တဲ့ ကာတာနိုင်ငံက ဆွေးနွေးပွဲဟာ နှစ်ချီအောင်ကြာနေတဲ့ စစ်ပွဲကို ဖြေလျှော့ရေးနဲ့ အဖျက်စွမ်းအားကို ချေမှုန်းဖို့ ကြိုးပမ်းမှုအဖြစ် အီဂျစ်ခေါင်းဆောင် အက်ဘ်ဒယ် ဖာတာ အယ်လ်စီစီက ကြေညာခဲ့တာပါ။
အယ်လ်ဂျီးရီးယားသမ္မတနဲ့အတူ ကိုင်ရိုမြို့တော်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း စီစီက ယာယီအပစ်အခတ်ရပ်စဲရေးကို အကောင်အထည်ဖော်ပြီး ၁၀ ရက်အတွင်း ဆွေးနွေးပွဲတွေ ပြန်စသင့်တယ်လို့ ပြောပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့က ချက်ချင်း မှတ်ချက်မပေးသေးပေမဲ့ ကြားဝင် ဖျန်ဖြေဖို့ ကြိုးပမ်းမှုနဲ့ နီးစပ်တဲ့ ပါလက်စတိုင်း အရာရှိတယောက်ကတော့ ဟားမတ်စ်တွေဘက်က ကမ်းလှမ်းချက် အသစ်တွေကို နားထောင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ဒါပေမဲ့ သဘောတူညီချက်က စစ်ပွဲကို အဆုံးသတ်ပြီး အစ္စရေးတပ်ဖွဲ့တွေ ဂါဇာကနေ ထွက်သွားရမယ်လို့ ဆုံးဖြတ်ထားပါတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ စစ်အင်အားနဲ့ အုပ်ချုပ်နေတဲ့ အဖွဲ့အစည်းအဖြစ်ကနေ ဟားမတ်စ်တွေကို သုတ်သင်ရှင်းလင်းမပြီးမချင်း စစ်ပွဲက မပြီးဆုံးနိုင်ဘူးလို့ အစ္စရေးက ပြောထားပါတယ်။
Source-Reuters