ပိုလန်သမ္မတ အန်ဒရေ ဒူဒါဟာ တောင်ကိုးရီးယားနိုင်ငံကနေ ဝယ်ထားတဲ့ လက်နက်စနစ်တွေကို ယူကရိန်းနိုင်ငံဆီ လွှဲပေးဖို့ ငြင်းဆိုခဲ့တယ်လို့ ပိုလန်မီဒီယာ RMF24 က အောက်တိုဘာ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
တောင်ကိုရီးယားဥပဒေက ပဋိပက္ခဖြစ်နေတဲ့နေရာတွေဆီ လက်နက်တင်ပို့တာကို တားမြစ်ထားပေမယ့် ရုရှားနဲ့ မြောက်ကိုရီးယားကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာလို့ အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ တောင်ကိုရီးယားက အကြိမ်ကြိမ် အရိပ်အမြွက်ပြ ပြောခဲ့ဖူးပါတယ်။
တောင်ကိုးရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုး နဲ့ ပိုလန်သမ္မတ အန်ဒရေ ဒူဒါတို့ဟာ အခုနှစ်ကုန်ပိုင်းမှာ ပိုလန်နိုင်ငံဆီ တောင်ကိုရီးယားတင့်ကားတွေ တင်ပို့မယ့်စာချုပ်အသစ်ကို အပြီးသတ်ဖို့ တွန်းအားပေးရေး အောက်တိုဘာ ၂၄ ရက်က သဘောတူခဲ့ကြပါတယ်။
ပိုလန်နိုင်ငံဆီ K-2 တင့်ကားတွေ ထောက်ပံ့ဖို့အတွက် တောင်ကိုရီးယားရဲ့ ဟွန်ဒိုင်း ရိုတမ် ကော်ပိုရေးရှင်းက အခုနှစ်မကုန်မီ သဘောတူညီချက်တခု လက်မှတ်ရေးထိုးဖို့ တောင်ကိုရီးယားနဲ့ ပိုလန်အစိုးရတို့က တက်တက်ကြွကြွ ပံ့ပိုးပေးမယ်လို့ ယွန်း က ထိပ်သီးအစည်းအဝေးအပြီး ဒူဒါနဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့ပါတယ်။
တောင်ကိုရီးယားနဲ့ ပိုလန်တို့ဟာ ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲအတွက် ဖိုရမ်အသစ်တခု ထူထောင်ပြီး နှစ်နိုင်ငံကိုထိခိုက်စေမယ့် လုံခြုံရေးဆိုင်ရာကိစ္စရပ်တွေမှာ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ယွန်းက ပြောပါတယ်။
ပိုလန်ဟာ ယူကရိန်းကို ရုရှားက ကျူးကျော်မှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်အသုံးစရိတ် တိုးမြှင့်ခဲ့တာပါ။ ထွန်းသစ်စလက်နက်တင်ပို့တဲ့နိုင် ဖြစ်လာတဲ့ တောင်ကိုရီးယားဟာ ပိုလန်ဆီ တိုက်လေယာဉ်တွေ၊ တင့်ကားတွေနဲ့ စက်တပ် ဟောင်ဝစ်ဇာအမြောက်တွေ တင်ပို့ရေး ခန့်မှန်းခြေဒေါ်လာ ၂၂ ဘီလီယံတန်ဖိုးရှိတဲ့ မူဘောင် သဘောတူညီချက်ကို ၂၀၂၂ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
Source-Reuters