မြောက်ကိုးရီးယားဟာ ဒေသတွင်းစစ်အခြေစိုက်စခန်းတွေမှာ လေ့ကျင့်မှုနဲ့ ရာသီဥတုဒဏ်ခံဖို့ ရုရှားနိုင်ငံအရှေ့ဘက်စွန်းကို အထူးတပ်ဖွဲ့ဝင် ၁,၅၀၀ ကို ပို့ဆောင်ခဲ့ပြီး ယူကရိန်းစစ်ပွဲအတွင်း တိုက်ခိုက်ရေးအတွက် တပ်စွဲထားဖွယ်ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက အောက်တိုဘာ ၁၈ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်ကိုရီးယားအမျိုးသားထောက်လှမ်းရေးဌာန (NIS) ဟာ ယူကရိန်းထောက်လှမ်းရေးဌာနနဲ့ လက်တွဲလုပ်ဆောင်နေပြီး ယူကရိန်းအရှေ့ပိုင်း ဒွန်နက်စ်ခ်ဒေသရှိ မြောက်ကိုရီးယားအရာရှိတွေ ကို ဖော်ထုတ်ဖို့ မျက်နှာမှတ်မိနိုင်သော ထောက်လှမ်းရေးနည်းပညာကို အသုံးပြုခဲ့ကြောင်း NIS က ပြောပါတယ်။
မြောက်ကိုရီးယားဟာ ကွန်တိန်နာ ၁၃,၀၀၀ ကျော်ထဲမှာ အမြောက်ကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေ နဲ့ တင့်ကားဖျက် ဒုံးလက်နက်တွေကို မနှစ်သြဂုတ်လကတည်းက ရုရှားနိုင်ငံ တင်ပို့ခဲ့တာ ဖြစ်ကြောင်း NIS အေဂျင်စီက ပြောကြားခဲ့ပြီး ဒါဟာ ယူကရိန်းစစ်မျက်နှာမှ ဆယ်ယူရရှိထားတဲ့ လက်နက်အကြွင်းအကျန်တွေကို အခြေခံထားတာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံကို အမြောက်နဲ့ ဒုံးပျံ အလုံးရေ ၈ သန်းကျော် တင်ပို့ထားကြောင်းလည်း သူက ဆိုပါတယ်။
တောင်ကိုရီးယားရဲ့ နောက်ဆုံးအချက်အလက်တွေအရ မြောက်ကိုရီးယားမှာ တပ်ဖွဲ့ဝင် ၁ ဒသမ ၂၈ သန်း ရှိပြီး ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူကလီယား လက်နက်တိုက်တွေ ဆက်တိုက်တီထွင်မှုကို အရှိန်မြှင့်လုပ်ဆောင်နေတာကြောင့် ဒေသတွင်းတင်းမာမှု အရှိန်မြင့်လာပြီး နိုင်ငံတကာ အရေးယူ ပိတ်ဆို့မှုတွေကို ချမှတ်ခံထားရပါတယ်။
ထောက်လှမ်းရေး အချက်အလက်တွေကို အတည်ပြုခဲ့ရင်တော့ ရုရှားကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခြင်းဟာ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲနောက်ပိုင်း စစ်ပွဲမှာ ပထမဆုံး အဓိကပါဝင်ပတ်သက်မှု ဖြစ်လာမယ်လို့ ဆိုပါတယ်။
Source-Reuters