တောင်ကိုရီးယားစစ်ဘက်သုံး ဒရုန်းတစင်းရဲ့ ပျက်ကျခဲ့တဲ့ အကြွင်းအကျန်တွေကို ရှာဖွေ တွေ့ရှိ ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာ KCNA က အောက်တိုဘာ ၁၉ ရက်မှာ ဖော်ပြခဲ့ပါတယ်။
KCNA ဟာ ဒရုန်းရဲ့ ဓာတ်ပုံအများအပြားကို ထုတ်ပြန်ခဲ့ပြီး အဲဒီဒရုန်းကို အောက်တိုဘာ ၁၃ ရက်က တွေ့ရှိခဲ့ကြောင်း ပြောကြားပါတယ်။
ဒရုန်းရဲ့ပုံသဏ္ဍာန်ဟာ ပြုံယမ်း (ဖြောင်းယန်း)မှာ လက်ကမ်းစာစောင်တွေ ကျဲချခဲ့တဲ့ ဒရုန်းပုံစံနဲ့ ဆင်တူတယ်လို့ ပြောပြီး ဒါဟာ အောက်တိုဘာ ၁ ရက်က ဆိုးလ်မှာ တောင်ကိုရီးယားစစ်တပ်က မကြာသေးခင်က စစ်ရေးလေ့ကျင့်မှုအတွင်း ပြသခဲ့တဲ့ ပုံစံတူဖြစ်တယ်လို့လည်း ဆိုပါတယ်။
တောင်ကိုရီးယားအစိုးရဟာ အဲဒီဒရုန်းတွေ ပျံသန်းခြင်း ရှိ၊ မရှိ နဲ့ အကယ်၍ ဒရုန်းတွေ ပျံသန်းခဲ့မယ်ဆိုရင်လည်း စစ်တပ် သို့မဟုတ် အရပ်သားတွေက လွှတ်တင်တာ ဟုတ် မဟုတ်ကို ပြောကြားဖို့ ငြင်းဆိုထားပါတယ်။
မှတ်ချက်ပေးခြင်းဟာ မြောက်ကိုရီးယားရဲ့ အတည်ပေါက် ထွင်လုံးကို လိုက်သရုပ်ဖော်နေသလို ဖြစ်လိမ့်မယ်လို့လည်း ဆိုပါတယ်။
မေလနှောင်းပိုင်းက မြောက်ကိုရီးယားဟာ နယ်စပ်ဖြတ်ကျော်ပြီး တောင်ပိုင်းကို အမှိုက်အိတ်တွေ ချိတ်ထားတဲ့ မီးပုံးပျံတွေကို စတင်လွှတ်လိုက်ကတည်းက ကိုရီးယား ၂ နိုင်ငံအကြား တင်းမာမှုတွေ မြင့်တက်လာခဲ့တာဖြစ်ပြီး ဆိုးလ်ကလည်း အသံချဲ့စက်နဲ့ ဝါဒဖြန့်ထုတ်လွှင့်မှုကို စတင် တုံ့ပြန် လုပ်ဆောင်လာခဲ့ကာ ပြုံယမ်း(ဖြောင်းယန်း) ကို ဒေါသထွက်စေခဲ့ပါတယ်။
မြောက်ကိုရီးယားဟာ အခုလတ်တလော ရက်ပိုင်းတွေအတွင်း သူ့ရဲ့ရန်လိုတဲ့ စကားလုံးတွေ ပြင်းထန်လာခဲ့ပြီး တောင်ကိုရီးယားစစ်တပ်ဟာ အခုလမှာ ၃ ရက်တာ သူ့မြို့တော်အပေါ် ဒရုန်းတွေ ပျံသန်းခဲ့ကြောင်း စွပ်စွဲခဲ့ပြီးတော့ သူ့လေပြင်ပိုင်နက်မှာ နောက်ထပ်ဒရုန်းတစီးသာ ထပ်တွေ့ရရင် ကြောက်စရာကောင်းတဲ့ ဘေးအန္တရာယ် ဖြစ်လိမ့်မယ်လို့လည်း ခြိမ်းခြောက် ခဲ့ပါတယ်။
Source-Reuters