ယူကရိန်းစစ်ပွဲမှာ ရုရှားကို အကူအညီပေးဖို့ မြောက်ကိုရီးယားတပ်ဖွဲ့တွေကို တပ်ဖြန့်ချထား ကြောင်း အတည်မပြုသေးပေမဲ့လည်း သူ့တပ်ဖွဲ့တွေကို အဲဒီလို စေလွှတ်တာဟာ နိုင်ငံတကာ ဥပဒေနဲ့အညီ ဖြစ်တယ်လို့ မြောက်ကိုရီးယားက အောက်တိုဘာ ၂၅ ရက်မှာ ပြောပါတယ်။
ယူကရိန်း၊ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံ မဟာမိတ်တွေက ပြုံးယမ်းဟာ ထောင်နဲ့ချီတဲ့ သူ့တပ်ဖွဲ့ဝင်တွေကို ရုရှားဆီ စေလွှတ်ထားတယ်ဆိုတဲ့ အထောက်အထားတွေ သူတို့ဆီမှာ ရှိထားတယ်လို့ ပြောကြပါတယ်။
အရင်ကတော့ ပြုံယမ်းနဲ့ ကရင်မ်လင် နှစ်ဖက်စလုံးဟာ အဲဒီသတင်းတွေကို အခြေအမြစ် မရှိတဲ့ ကောလာဟလတွေအဖြစ် ပယ်ချခဲ့တာပါ။
ဒါပေမဲ့ အောက်တိုဘာ ၂၄ ရက်က အဲဒီသတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒါတွေကို ငြင်းဆိုဖို့ ခဏ ဆိုင်းငံ့ခဲ့ပါတယ်။
မြောက်ကိုရီးယား KCNA သတင်းဌာနက ဖော်ပြတဲ့ ကြေညာချက်မှာတော့ နိုင်ငံခြားရေးဝန်ကြီး ဂင်မ်ဂျုံဂယူက နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ကိုင်တွယ်တဲ့ ကိစ္စ တွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်ခြင်း မရှိသလို တပ်ဖြန့်ချထားမှုအပေါ် တိုက်ရိုက်မှတ်ချက် ပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ကမ္ဘာ့မီဒီယာတွေမှာ ပြောဆိုနေတဲ့အကြောင်းဆိုရင်တော့ နိုင်ငံတကာ ဥပဒေစည်းမျဉ်းတွေနဲ့ ညီညွတ်တဲ့ကိစ္စလို့ ထင်မြင်ကြောင်းလည်း ပြောဆိုပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားရဲ့ အလုံးစုံကျူးကျော်မှုနဲ့ စတင်ခဲ့တဲ့ စစ်ပွဲမှာ မြောက်ကိုရီးယား ပါဝင်လာမှုဟာ နိုင်ငံတကာဥပဒေအောက်မှာ ကျူးကျော်မှု ရာဇ၀တ်မှုကို အတိုင်းအတာ တခုအထိ ဖြစ်နိုင်တယ်လို့ ရိုက်တာသတင်းမှ ဖော်ပြပါတယ်။
Source-Reuters