ဒေသတွင်းမှာ မကြာသေးခင်က အမေရိကန်နဲ့ မဟာမိတ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်မှာ ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြပါတယ်။
“ထိမိတာနဲ့ ပေါက်ကွဲတော့မယ့် အန္တရာယ်ကို ကြုံနေရတဲ့ ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့ သူ့ မဟာမိတ်တွေရဲ့ ရန်လိုတဲ့လုပ်ရပ်နဲ့ မဆင်မခြင် စစ်ရေးပြမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချ ကြောင်းနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးနဲ့ စစ်ရေးတင်းမာမှုတွေကို မကျေနပ်ကြောင်း၊ နယ်မြေ လုံခြုံရေးကို ပြတ်ပြတ်သားသား ခြိမ်းခြောက်မှုအဖြစ် မှတ်ယူထားကြောင်း” ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား လေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ မကြာသေးမီက သြစတြေးလျပါဝင်မှု၊ အမေရိကန်နဲ့ ဂျပန်တို့ကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုနဲ့ အမေရိကန် နျူကလီးယား သင်္ဘောတစီး စေလွှတ်ခြင်းတွေကိုလည်း ကိုးကားဖော်ပြခဲ့ပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားလေတပ်တို့ဟာ ဖရီးဒမ်းဖလဂ်အမည်ရှိ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုကို အောက်တိုဘာ ၂၁ ရက်မှာ စတင်ခဲ့ပြီးတော့ လာမယ့် နိုဝင်ဘာ ၁ ရက်အထိ ပြုလုပ်ဖို့ ရှိပါတယ်။
ဒီလေ့ကျင့်ရေးမှာ တော်ဝင်သြစတြေးလျလေတပ်ရဲ့ KC-30A Multi-Role Tanker သယ်ယူပို့ဆောင်ရေးလေယာဉ်လည်း ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယားလေတပ်မှ သိရပါတယ်။
Source-Reuters