Home
နိုင်ငံတကာ
ကမ်မလာဟားရစ်၏ မဲဆွယ်ပွဲတွင် အဆိုတော် ဘီယွန်းဆေး ပါဝင်မည်
DVB
·
October 25, 2024
Photo-Reuters

နာမည်ကျော်အဆိုတော် ဘီယွန်းဆေးဟာ ဟော်စတန်မှာပြုလုပ်တဲ့ ကမ်မလာဟားရစ်ရဲ့ မဲဆွယ်စည်းရုံးပွဲမှာ ပါဝင်ဖွယ်ရှိပါတယ်။

တက္ကဆက်ပြည်နယ်ဟာ ရီပတ်ဘလစ်ကန်ပါတီရဲ့ အမာခံနယ်မြေတခုဖြစ်ပြီး ဒီမိုကရက်တစ် ကိုယ်စားလှယ် ကောလင်းအယ်ရက်ကို မဲပေးဖို့ ဟားရစ်က မဲဆွယ်နေတာ ဖြစ်ပါတယ်။

တက္ကဆက်မှာ ရီပတ်ပလစ်ကန်ပါတီအတွက် တက်ခရုဇ်က ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

ဘီယွန်းဆေးဟာ ဟော်စတန်မှာ ကြီးပြင်းသူဖြစ်ပြီး သူ့မိခင် တီနာနဲ့အတူ မဲဆွယ်ပွဲကို လာမယ်လို့ နီးစပ်သူတယောက်က ဆိုပါတယ်။

ဘီယွန်းဆေးရဲ့ Freedom သီချင်းကို ဟားရစ်က ဩဂုတ်လမဲဆွယ်ပွဲမှာ အသုံးပြုခဲ့ပြီး  မဲဆွယ်ပွဲတိုင်းမှာ အသုံးပြုခဲ့တယ်လို့ အင်တာဗျူးတခုမှာ ဖြေကြားထားပါတယ်။

ဘီယွန်းဆေးဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကာလမှာ သမ္မတ ဂျိုးဘိုင်ဒင်ကို မဲပေးခဲ့သူဖြစ်ပြီး ဒီမိုကရက်တစ်ပါတီကို ထောက်ခံသူတယောက် ဖြစ်ပါတယ်။

တက္ကဆက်ပြည်နယ်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ ကိုယ်ဝန်ဖျက်ချမှုဥပဒေကို ပိတ်ပင်တဲ့ ပြည်နယ်တခု ဖြစ်ပါတယ်။

သီတင်း ၆ ပတ်ကျော်တဲ့ ကိုယ်ဝန်ဖျက်ချမှုကို ပိတ်ပင်တာဖြစ်ပြီး ကိုယ်ဝန်ဖျက်ချမှုမှာ ပါဝင်တဲ့ လူနာနဲ့ ကူညီသူကိုလည်း တရားဆွဲဖို့ ခွင့်ပြုထားပါတယ်။

ဒါ့ကြောင့် တက္ကဆက်ပြည်နယ် မဲဆွယ်ပွဲမှာ ကိုယ်ဝန်ဖျက်ချတဲ့ ဥပဒေကလည်း အရေးပါတဲ့ အချက်တခုအဖြစ် တည်ရှိနေပါတယ်။

ဒီမိုကရက်တစ်သမ္မတလောင်း ဟားရစ်ကို ရော့ခ်ဆိုတော် ဘရုစ်စပရင်းစတင်း၊ ဖျော်ဖြေရေးသမား တေလာပယ်ရီ၊ သမ္မတဟောင်း အိုဘားမားတို့ ဂျော်ဂျီယာပြည်နယ်မှာ စက်တင်ဘာလ အစောပိုင်းက  မဲဆွယ်ခဲ့ကြပါသေးတယ်။

ဟားရစ်ရဲ့ မဲဆွယ်ပွဲမှာ အိုဘားမားတို့ ဇနီးမောင်နှံ ပါဝင်ခဲ့သလို သမ္မတဟောင်း ကလင်တန်လည်း အရီဇိုးနားမဲဆွယ်ပွဲမှာ ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဒီမိုကရက်ပါတီကို တေလာဆွစ်၊ အမ်မီနမ်၊ ပင့်ခ်၊ အော်ပရာဝင်းဖရေး၊ ဂျော့ကလူနေး၊ လစ်ဇို စတဲ့ နာမည်ကြီး အနုပညာရှင်တွေက အားပေးကြသလို မဲဆွယ်ပွဲမှာလည်း ပါဝင်လာတာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်သမ္မတလောင်း ထရမ့်ပ်ကိုတော့ ဂီတသမားတွေဖြစ်တဲ့ ကစ်ရော့၊ တက်နူဂျန့်၊ ဂျက်ဆန်အယ်န်၊ နပန်းသမား ဟုခ်ဟိုဂန်၊ UFC ဥက္ကဋ္ဌ ဒါနာဝိုက်၊ သရုပ်ဆောင် ဒန်နစ်ကွစ်၊ တီဗွီစတား အမ်ဘာရို့စ်တို့ ထောက်ခံကြပြီး တက်စလာစီအီးအို အီလွန်မတ်စ်ခ်လည်း မဲဆွယ်ပွဲမှာ အဓိက ပါဝင်ကူညီနေတာ တွေ့ရပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013