Home
နိုင်ငံတကာ
အမေရိကန်ရွေးကောက်ပွဲ ကြိုတင်မဲ ၂၅ သန်းနီးပါးဖြင့် စံချိန်တင်
DVB
·
October 24, 2024
Photo-U.S. NETWORK POOL

အမေရိကန်ပြည်ထောင်စုတဝန်းမှာ လူကိုယ်တိုင် လာပေးလို့ရတဲ့ ကြိုတင်မဲပေးမှုနဲ့ စာတိုက်ကပို့တဲ့ ကြိုတင်မဲ စုစုပေါင်း ၂၅ သန်းနီးပါးအထိ ရှိလာပြီလို့ ဖလော်ရီဒါတက္ကသိုလ်၊ Election Lab က ကောက်ယူထားတဲ့ အချက်အလက်တွေက ဖော်ပြပါတယ်။

မြောက်ကာရိုလိုင်းနားနဲ့ ဂျော်ဂျီယာတို့လို အဆုံးအဖြတ်ပြည်နယ်တွေ အပါအဝင် ပြည်နယ်အများအပြားမှာ ပြီးခဲ့တဲ့အပတ်က ကြိုတင်မဲပေးတဲ့ ပထမနေ့မှာတင် မဲပေးသူ အရေအတွက် စံချိန်တင်ခဲ့ကြပါတယ်။

ဂျော်ဂျီယာပြည်နယ်မှာ မဲပေးမှုက စံချိန်တင်ခဲ့သလို ပြည်နယ်တိုင်းနီးပါးမှာ စံချိန်တင်ခဲ့တယ်လို့ ထရမ့်ပ်ကိုယ်တိုင်လည်း ဂျော်ဂျီယာမှာ မဲဆွယ်တဲ့အချိန် ပြောထားပါတယ်။

ဒီမိုကရက်သမ္မတလောင်း ဟားရစ်က ပင်ဆယ်လ်ဗေးနီးယားမှာ မဲဆွယ်နေချိန်မှာ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်ပ်က ဂျော်ဂျီယာပြည်နယ်ကို ရောက်နေတာ ဖြစ်ပါတယ်။

ဟားရစ်က သူ့အစိုးရဟာ ဘိုင်ဒင်အစိုးရနဲ့ မတူစေရဘူးဆိုတဲ့ အချက်ကို အဓိကထား ပြောနေတာ တွေ့ရပါတယ်။

သူ့မှာ ကိုယ်ပိုင်အိုင်ဒီယာနဲ့ ကိုယ်ပိုင်အတွေ့အကြုံတွေ ရှိတယ်ဆိုတဲ့ အချက်ကို ဟားရစ်က ဇောင်းပေးပြောနေတာ တွေ့ရပါတယ်။

ဟားရစ်က ထရမ့်ပ်ကို ဖက်ဆစ်လို့ ခေါ်ဝေါ်ခဲ့ပြီး အမေရိကရဲ့ ချမ်းသာဝပြောမှုနဲ့ ဘေးကင်းမှုအတွက် အန္တရာယ်ဖြစ်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

ရိုက်တာနဲ့ Ipsos စစ်တမ်းတွေအရ ဟားရစ်က ၄၆-၄၃ ရာခိုင်နှုန်းနဲ့ ထရမ့်ပ်ထက် ၃ ရာခိုင်နှုန်း သာနေတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ တနိုင်ငံလုံး လူထုမဲအားလုံးပေါင်းနဲ့ ဆုံးဖြတ်တာမဟုတ်ဘဲ ပြည်နယ်အလိုက် ခွဲတမ်းရတဲ့ ရွေးကောက်မဲ (electoral vote) နဲ့ ဆုံးဖြတ်တာဖြစ်တဲ့အတွက် ဘယ်ဘက်မဆို ယိမ်းသွားနိုင်တဲ့ ၇ ပြည်နယ်က မဲက အဓိကကျနေပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024