မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ အနိစ္စဆိုတဲ့ မမြဲခြင်းသဘောနဲ့ အနတ္တဆိုတဲ့ အရာရာဟာ အစိုးမရတဲ့သဘော ကိုယ်မပိုင်တဲ့သဘော၊ ကိုယ့်အလိုသို့ မလိုက်တတ်သဘော အနတ္တဝါဒ အနှစ်သာရ ဓမ္မတရားတွေကို အာဏာရူး၊ ဥစ္စာရူး၊ ယတြာရူး စစ်အခွင့်ထူးခံတသိုက်ဟာ ငါ့အာဏာ၊ ငါ့အကျိုး၊ ငါ့ဥစ္စာ၊ ငါ့အတွက် တည်မြဲလိုတဲ့လောဘ မောဟ ထာာဝရစွဲလမ်းမှုတွေနဲ့ အတ္တဝါဒလို့ ပြောင်းပြန်အယူမှားပြီး မိုက်တွင်းနက်လို့ တိုင်းပြည်ကို ဖြိုဖျက်နေကြတာဟာ နိုင်ငံအတွက် အန္တရာယ်အရှိဆုံး ဓမ္မန္တရာယ်ကြီးဖြစ်လာခဲ့ပါပြီ။
မြန်မာမကောင်းဆိုးဝါးစစ်ဓားပြဂိုဏ်းဟာ ဘာသာရေးကို နိုင်ငံရေးမှာ အမြတ်ထုတ် အသုံးချဖို့ အသိဉာဏ် နိမ့်ပါးကြကုန်တဲ့ လူပြိန်းလူမိုက်၊ ဘုန်းကြီးမိုက်တွေ နှလုံးခွေ့စေတတ်တဲ့ အုတ်ပုံကြီးတွေစီ၊ စကျင်ကျောက်တုံးကြီးတွေနဲ့ စေတီဆိုတာကြီးတွေကို မကောင်းမှု ပြုနေကြရင်း၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေကြရင်း အယောင်ပြ တည်ပြရင်၊ လူသတ် ဓားပြတိုက် လုယက်ရင်း ထီးတင်ရင် သာသာနာပြု ဘုရားဒကာဘွဲ့ခံလို့ ရတယ်လို့ ပက်ပက်စက်စက် လွဲမှားစွာ ယုံကြည်ရင်း သံသရာဆိုးကြီး မဆုံးနိုင်အောင်လည်ပတ်ဖို့ အမှားလမ်းကို ဆက်လျှောက်နေကြဆဲ ဖြစ်ပါတယ်။
စစ်ဓားပြခေါင်းဆောင် စိတ္တဇအရူး မင်းအောင်လှိုင်ဟာ ကုသိုလ်တပဲ ငရဲပိဿာ တကုဋေ ဆိုရမလောက် ထီးလိုမင်းလို ဘုရား ဇွတ်တင်တာ၊ စကျင်ကျောက်တုံးနဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်တာ၊ သူ့အာဏာတည်မြဲလေမလား မျှော်ကိုးယတြာချေဖို့ မြန်မာပြည်အနှံ့အပြားက ဘုရားတွေ ထီးတင်နေရင်း အချိန်တည်းမှာပဲ မကောင်းမှု အကုသိုလ်ကုဋေကုဋာကို ကျူးလွန်နေခဲ့ ကျူးနေဆဲ ဖြစ်ပါတယ်။
စစ်မကောင်းဆိုးဝါးတွေ ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ အောက်ပါအကုသိုလ် စစ်ရာဇဝတ်မှုတွေလို ကြမ်းကြုတ်ရက်စက်မှုတွေကို ရေးသားပုံနှိပ်ထုတ်မယ်ဆိုရင် ကမ္ဘာ့အကြီးဆုံးအရှည်ဆုံး စာအုပ်ကြီး ဖြစ်လာမှာ သေချာပါတယ်။
ပြီးခဲ့တဲ့ သီတင်းကျွတ်လပြည့်နေ့ အောက်တိုဘာ ၁၇ ရက် ည ၉ နာရီ ၃၃ မိနစ်နဲ့ ၉ နာရီ ၃၇ မိနစ်မှာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘဲ ဒီပဲယင်းမြို့ကို မြန်မာ့အခါကြီးရက်ကြီးမှာ တိုက်လေယာဉ်ဖြင့် ၂ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
စစ်အကြမ်းဖက်ဓားပြဂိုဏ်းဟာ အောက်တိုဘာလ ၁၇ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်မှာ ဘုရားရှင်ကို ရည်စူးပြီး ဆီမီးထွန်းညှိပူဇော်ကြတဲ့ သီတင်းကျွတ်လပြည့်ညမှာပဲ ဂျက်တိုက်လေယာဥ်တွေနဲ့ နောင်ချိုမြို့၊ သဖန်ကိုင်းရပ်ကွက်အတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့သလို ည ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ ထပ်မံပြီး နောင်ချိုရဲစခန်းဝင်းအတွင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
တနိုင်ငံလုံး ဗြောင်းဆန်အောင် လောင်ကျွမ်းနေတဲ့ စစ်မီးတောက်ကြီး အောက်မှာ အသက်ဘဝတွေ ဆုံးရှုံး ဘဝတုံးနေရချိန်မှာ၊ အများပြည်သူတွေ ဒုက္ခနွှံနစ်နေချိန်မှာ တိုင်းပြည် အေးချမ်းသာယာနေသယောင် အသုဘအိမ်ထက် အိုးစည်ဗုံမောင်းတီး ကခုန်ပျော်ပါးတဲ့ အရူးတွေပမာ စစ်ဓားပြဂိုဏ်းခေါင်းဆောင်နဲ့ အပေါင်းအပါတွေ စုဝေးရာ နေပြည်တော်ကောင်စီ နယ်မြေထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကစလို့ ၂၅ ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ဆို၊က၊ ရေး၊ တီးပြိုင်ပွဲကို ကျင်းပခဲ့ကြပါသေးတယ်။
ဒါ့အပြင် ဘူးလေးရာ ဖရုံဆင့် ဆိုသလို ပြည်တွင်းစစ်ဒဏ်အပြင် စစ်အာဏာ လုယက်မှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ကုန်ထုတ်လုပ်ငန်း ရပ်ဆိုင်းသွားတဲ့ အကျိုးဆက်ကြောင့် မြန်မာကျပ်ငွေတန်ဖိုး အလွန်အမင်းကျဆင်းတာရယ်၊ အလုပ်အကိုင်ရှားပါးမှု၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်လို့ ကုန်ပစ္စည်းစီးဆင်မှု ရပ်တန့်ခဲ့ရတာတွေကြောင့် အစာရေစာ ပြတ်လပ်ပြီး အတိဒုက္ခရောက်နေကြရတဲ့ ပြည်သူလူထုကို ရေနစ်သူ ဝါးကူထိုးဆိုသလို စစ်ဓားပြ အကြမ်းဖက်ဒုခေါင်းဆောင်စိုးဝင်းရဲ့ အမိန့်ယုတ်နဲ့ နိုင်ငံတဝန်းက ပွဲရုံတွေ၊ ဂိုဒေါင်တွေ ကုန်တိုက်တွေနဲ့ ဈေးတွေအတွင်းက ထိုင်းနဲ့ တရုတ် အပါအဝင် ပြည်ပကနေ တင်သွင်းလာတဲ့ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေကို ဓားပြတပ်က လိုက်လံစစ်ဆေးနေပြီး သွင်းကုန်လိုင်စင်နဲ့ ခွင့်ပြုချက်မပြုနိုင်တဲ့ ပြည်ပထုတ်ကုန်ပစ္စည်းအားလုံးကို လုယက်သိမ်းဆည်းနေကြောင်း ကုန်သည်တွေ စီးပွားရေးလုပ်ငန်းရှင်တွေက ပြောပြလို့ သိကြရပါတယ်။
တိုင်းပြည်ကို အကျိုးမပြုရုံသာမက ကမ္ဘာ့အစာငတ်မွတ်မှု အညွှန်းကိန်းမှာ အဆင့် ၇၄ မှာရှိနေတဲ့ မြန်မာနိုင်ငံမှာ အစာရေစာပြတ်အောင်၊ ဆေးဝါးတွေ ပြတ်အောင်၊ ပြည်သူလူထု ပိုမိုဒုက္ခကြီးအောင် စာနာမှု အလျှင်းမရှိဘဲ ယုတ်မာပက်စက်စွာ အခုလို လုပ်တာဟာ တပ်မတော် အမည်ခံ လက်နက်ကိုင်တပ် ဆိုတာ အုပ်ချုပ်တဲ့ အစိုးရတရပ် မဟုတ်ဘဲ နေ့ခင်းကြောင်တောင် အနုကြမ်းစီး လုယက်တဲ့ ဓားပြဂိုဏ်းဆိုတာကို သက်သေပြနေတာ ဖြစ်ပါတယ်။ သူတို့ မိဘဆရာသမားတွေက သူတို့ကို ဘယ်လိုသွန်သင်ဆုံးမခဲ့ကြသလဲဆိုတာ တွေးဆရင်း အံ့ဩမိသလို ဗီဇကကိုယ် အထူးယုတ်ညံ့တာနဲ့ ပတ်ဝန်းကျင်ဆိုးရဲ့ လွှမ်းမိုးမှုနဲ့ အခုလို ယုတ်ညံ့နိမ့်ကျတဲ့အလုပ်တွေ လုပ်ဝံ့ကြတာဖြစ်ပါတယ်။
အသားသာ ဖဲ့ပေးမယ်၊ နိုင်ငံ နယ်နိမိတ်တော့ အထိမခံဘူးလို့ အသံကောင်းဟစ်တတ်တဲ့ စစ်ဓားပြဂိုဏ်းက သူတို့အာဏာလက်မလွှတ်ရရေးအတွက် နောက်ဆုံးကောက်ရိုးမျှင်ဖြစ်တဲ့ တရုတ်အာဏာရှင်ထံ သြဇာခံယူပြီး စိန့်တိုင်းသားလက်အောက်ခံ ကျွန်လုပ်နေပြီ မဟုတ်လား။
နွေဦးတော်လှန်အင်အားစုတွေရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး ၃ နှစ်အကြာမှာတော့ တနိုင်ငံလုံးမှာ နယ်မြေထိန်းချုပ်နိုင်မှု ၃၀ ရာခိုင်နှုန်းတောင်မကျန်တော့တဲ့ စစ်ရှုံးလက်နက်ချ ပြည်သတ်တပ်မတော်ရဲ့ ခေါင်းဆောင်ရူးမင်းအောင်လှိုင်ဟာ အခုလာမယ့် နိုဝင်ဘာလထဲမှာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်တွေဆီက ထွက်ပေါ်လာခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ဆိုးကြောင့် နိမ့်ကျဆင်းရဲကျန်ရစ်တဲ့ အိမ်နီးချင်းနိုင်ငံဆီက သယံဇာတတွေ၊ အရင်းအမြစ်တွေကို သူခိုးဈေးနဲ့ ပေါချောင်ကောင်းရဖို့၊ သူတို့အကျိုးစီးပွားအတွက် မသာအိမ် ဖဲလိမ်ရိုက်ဖို့၊ ခါးပတ်တကွင်း လမ်းတစင်းစီမံကိန်းနဲ့ စီးပွားရေးကိုလိုနီပြုဖို့ တရုတ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပြီးခဲ့တဲ့ ဩဂုတ်လက မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီးကတည်းက စစ်ခေါင်းဆောင်ဟာ တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားခဲ့တာလို့ ဆိုပါတယ်။
ဒါပေမဲ့လည်း အခုနောက်ဆုံး စစ်ဓားပြဂိုဏ်း လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သီပေါမြို့ အပါအဝင်ဆိုရင် နွေဦးတော်လှန်ရေးကာလမှာ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၈၃ မြို့ ရှိလာပြီ ဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမတိုင်ခင်ကတည်းက တိုင်းရင်းသား တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ အခြေချနေတဲ့ မြို့တွေအပါအဝင်ဆိုရင် စစ်မကောင်းဆိုးဝါးတွေ စိုးမိုးနိုင်တဲ့နယ်မြေဟာ အလွန့်အလွန်နည်းပါးလာပြီ ဖြစ်ပါတယ်။
ယုတ်မာရက်စက်မှု ကမ်းကုန်နေတဲ့ စစ်ဓားပြဂိုဏ်းဟာ သူတို့ စစ်မကောင်းဆိုးဝါး အသိုက်အဝန်း သက်ဆိုးရှည်ဖို့ အရပ်သား မြို့ရွာတွေကို လေယာဉ်နဲ့ဗုံးကြဲ၊ လက်နက်ကြီးနဲ့ ပစ်ခတ် သတ်ဖြတ်နေတဲ့အပြင် စစ်မှုထမ်းဥပဒေကို တလွဲအသုံးချပြီး ပြည်သူလူထုနဲ့ လူငယ်လူရွယ်တွေရဲ့ အသက်ပေါင်းများစွာကို ခုတုံးလုပ် စတေးခံလာရင်း တနိုင်ငံလုံးရဲ့ ဘုံရန်သူ မိဘပြည်သူအများရဲ့ ရန်သူတော်ဘဝနဲ့ ဖက်ဆစ်ဂျပန်တွေကို ဒုတိယကမ္ဘာစစ်အတွင်းက နိုင်ငံအနှံ့အပြားမှာ ဝိုင်းချေမှုန်းခံရမျိုးနဲ့ မရှုမလှဇာတ်သိမ်းရမယ့် အခြေဆိုက်ဖို့ နီးသထက်နီးကပ်လာပြီ ဖြစ်ပါတယ်။
နိုင်ငံတော်အာဏာ ၃ ရပ်ရဲ့ မူလပိုင်ရှင်ပြည်သူတွေ၊ သူတို့အာဏာကို ဖီဆန်ကြတဲ့ပြည်သူတွေ၊ လက်နက်မကိုင်တဲ့ အရပ်သားပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ ရက်ရက်စက်စက် ကျူးလွန်နေကြတဲ့ စစ်မကောင်းဆိုးဝါးတွေ၊ အများပြည်သူတွေ စားနပ်ရိက္ခာ ဆေးဝါးပြတ်လပ်အောင် ဖြတ် ၄ ဖြတ် ဗျူဟာနဲ့ ဖြတ်တောက်ပြီး စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခွင့်ပြုထားတဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ရှင်းလင်းပစ်ဖို့မှတပါး တခြားနည်းလမ်း မရှိတော့ပါဘူး။ သမ္မတရူး မင်းအောင်လှိုင်ကို ဖယ်ရှားရှင်းလင်းပစ်ရုံ၊ စစ်မိစ္ဆာဒုချုပ်စိုးဝင်းကို ဖယ်ရှားရှင်းလင်းပစ်ရုံနဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါဘူး။
မင်းအောင်လှိုင်နဲ့ စစ်မိစ္ဆာဒုချုပ်စိုးဝင်း မရှိတော့ရင်လည်း နောက်ထပ် အာဏာရှင်ရူး သမ္မတရူးတွေ၊ တိုင်းဖြိုပြည်ဖျက် ဓမ္မန္တရာယ် ဘုရားဒကာ အမည်ခံ စစ်ရာဇဝတ်ကောင်တွေ ထပ်မံထွက်ပေါ်လာစေမယ့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ရှင်းလင်းပစ်မှသာ အများပြည်သူတွေဘဝ ထာဝရအေးချမ်းသာယာ တိုးတက်နိုင်မှာဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ထောင်နိုင်မှာဖြစ်ပါကြောင်း။
မင်းကောင်းချစ်