Home
ဆောင်းပါး
နိုင်ငံတော်သစ်အတွက် ဘဝကိုရင်း အသက်ကိုနှင်းခဲ့သူ - ဒေါက်တာဇော်မြင့်မောင်
DVB
·
October 9, 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပထမဆုံး အရပ်သားအစိုးရသက်တမ်း ဖြစ်တဲ့ ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးမှာ ရှေ့တန်းကနေ ရဲရဲရင့်ရင့် ထူးထူးချွန်ချွန် ဦးဆောင်ခဲ့တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ စစ်အာဏာရှင် မကောင်းဆိုးဝါး တသိုက်ရဲ့ ရက်စက်ယုတ်မာစွာ ထောင်သွင်းအကျဉ်းချပြီး လုံ‌လောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုမပေး၊ အချိန်မီ ဆေးဝါးမကုသပေးခဲ့တာကြောင့် အောက်တိုဘာ ၇ ရက်နေ့ နံနက် ၃ နာရီမှာ ကွယ်လွန်ခဲ့ရပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ပြည်သူလူထုပိုင်တဲ့ အချုပ်အခြာအာဏာ ၃ ရပ်လုံးကို သမ္မတရူး မင်းအောင်လှိုင်နဲ့‌ လက်ပါး‌စေ စစ်မိစ္ဆာရူးတအုပ်က လက်နက်အားကိုးနဲ့ ဗိုလ်ကျလုယက်ခဲ့ကတည်းက နိုင်ငံတော်မှာ ကြီးမားတဲ့ ဆုံးရှုံးမှုကြီးနဲ့ ဖြစ်ပွားခဲ့ပါတယ်။ စစ်အာဏာရှင်စနစ်ဟောင်းကို အပြီးအပိုင်ဖြိုဖျက်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုသစ်ကို တည်ဆောက်ထုဆစ်နိုင်ဖို့ တိုင်းပြည်ရဲ့ အဖိုးထိုက်တန်ပြီး အရည်အချင်းလည်းရှိ၊ အမှန်တရားကိုလည်း ယုံကြည်၊ ထူးချွန်ထက်မြက်ကြတဲ့ လူကြီးလူငယ် လူကောင်းသူကောင်း အမြောက်အမြား ဆုံးရှုံးခဲ့ကြရပါတယ်။

ဒီဆောင်းပါးမှာ နိုင်ငံတော်သစ်အတွက် ဘဝကိုရင်း အသက်ကိုနှင်းခဲ့သူတွေထဲက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုတိယဥက္ကဋ္ဌနဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အကြောင်း ရှာ‌ဖွေစုဆောင်းမိသမျှ ရေးသားလိုက်ပါတယ်။ ဖခင် ဒေါက်တာချစ်မောင်နဲ့ မိခင် ဒေါ်မြင့်မြင့်ချစ်တို့ရဲ့သား ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ မွေးဖွားခဲ့ပါတယ်။ မန္တလေးမြို့ စိန့်ပီတာကျောင်း - အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းကနေ အထက်တန်း အောင်မြင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်ကနေ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီး စစ်ကိုင်းတိုင်းရှိ ရွာသစ်ကြီးဆေးရုံမှာ အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်မှာ သူ့ဖခင် ဒေါက်တာချစ်မောင်ရဲ့ ဇီဝဓာတုဗေဒဌာနမှာ သရုပ်ပြအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

သရုပ်ပြဆရာအဖြစ် လုပ်ကိုင်နေတုန်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးအခင်း ဆန္ဒပြပွဲတွေနဲ့ လူ့အခွင့်အရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားခဲ့လို့ ရန်ကုန်ကို အရွှေ့ခံရပြီးတဲ့နောက် အလုပ်ကထွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ပါဝင်ခဲ့ပါတယ်။ ဒီအတွက် ဒေါက်တာဇော်မြင့်မောင်ဟာ ငွေငါးသောင်း လျော်ခဲ့ရသလို ပြီးခါနီး မဟာသိပ္ပံဘွဲ့ကိုပါ အဆုံးခံလို့ နိုင်ငံရေးနယ်ထဲ စတင်ဝင်ရောက်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲကစလို့ NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ရွေးကောက်ပွဲ ၄ ကြိမ်စလုံးမှာ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ အမရပူရမြို့နယ်ကနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုအမတ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး စစ်အာဏာရှင်တွေက အာဏာလွှဲမပေးဘဲ ၁၉၉၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီး အပြစ်မရှိဘဲ ထောင်ဒဏ် ၁၉ နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့ကျမှ လွတ်မြောက်လာခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာလည်း ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး လွှတ်တော်ထဲ ရောက်ခဲ့ပါတယ်။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျတော့လည်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် အမရပူရမြို့နယ်ရဲ့ ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရတာမို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်အထိ တာဝန်ကို ထူးချွန်စွာ ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ မန္တလေးမြို့ကို သူ့လက်ထက်မှာ အတိုးတက်ဆုံး၊ အကောင်းမွန်ဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တာမို့ CIO Asia အဖွဲ့က Smart City စမတ်စီးတီး ဖြစ်လာတော့မယ့် အရှေ့တောင်အာရှက မြို့ကြီးတမြို့အဖြစ် အသိအမှတ် ပြုခဲ့ရတဲ့အထိ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

သမ္မတရူး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ဓားပြဂိုဏ်းက ၂၀၂၁ ခုနှစ် စစ်အာဏာလုယူတဲ့ နေ့မှာတော့ မိသားစုနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီး စစ်တပ်က မဟုတ်မှန်တဲ့ ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခြင်း ခံခဲ့ရပါတယ်။ ဒေါက်တာဇော်မြင့်မောင်ဟာ သွေးကင်ဆာရောဂါ ခံစားနေရမှန်း သိပါရက်နဲ့ ရောဂါအခြေအနေနဲ့ ကိုက်ညီလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာ ထိခိုက်ခံစားခဲ့ရပြီး ကွယ်လွန်သွားခဲ့ရတာဟာ စစ်အာဏာရှင်‌တွေက ရည်ရွယ်ချက်ရှိရှိ သေစေခဲ့တာပဲ ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ ဒေါက်တာယုယုမေနဲ့ အကြောင်းပါခဲ့ပြီး သား ၂ ယောက် ဒေါက်တာဉာဏ်ဝေဖြိုး၊ ဒေါက်တာရွှေဖြိုးဟန်နဲ့ သမီးတဦး ဒေါက်တာစုဝေပုံတို့ ထွန်းကားခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလမှာ ပထမဆုံးအကြိမ် အဖမ်းခံရစဉ်က သမီးလေး စုဝေပုံဟာ ၁ နှစ် ၅ လ အရွယ်သာရှိခဲ့ပြီး ဒေါက်တာဇော်မြင့်မောင်ရဲ့ ဖခင်ကြီး ဒေါက်တာချစ်မောင်ဟာ အသက်အရွယ် ၈၀ အထိ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မန္တလေးကနေ မြစ်ကြီးနားထောင်ကို ၂ လ တကြိမ် ထောင်ဝင်စာသွားတွေ့ခဲ့ရတာ နှစ်ပေါင်း ၂၀ နီးပါး ကြာမြင့်ခဲ့ပါတယ်။ နောက်ဆုံး ဒေါက်တာချစ်မောင် ကိုဗစ်ရောဂါ ကူးစက်ခံရပြီး နောက်ဆက်တွဲရောဂါနဲ့ ကွယ်လွန်ရတဲ့ အချိန်မှာ သူချစ်တဲ့သားကို ပြန်တွေ့ခွင့်မရ‌ခဲ့တော့ပါဘူး။

အာဏာရူး မင်းအောင်လှိုင်နဲ့ စစ်မကောင်းဆိုးဝါးတသိုက်ဟာ ဒေါက်တာဇော်မြင့်မောင် အပေါ် ပုဂ္ဂိုလ်ရေး အငြိုးအာဃတ ကြီးမားစွာနဲ့ ရက်စက်ယုတ်မာစွာ ဒုက္ခပေး လက်စားခြေခဲ့ကြတဲ့ အဓိကအကြောင်းအရင်း ၃ ရပ်ရှိပါတယ်။ ပထမအငြိုးထားရတဲ့ အကြောင်းကတော့ သူတို့အသည်းကို ဆားနဲ့ပက်သလို ဆပ်ဆပ်လူး နာကျင်ခံပြင်းစေခဲ့တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ (နာဂစ်ခြေဥ) ပုဒ်မ ၂၁၇ ရဲ့ အားနည်းချက်ကိုသုံးပြီး နိုင်ငံတော်အတိုင်ပင်ခံ (State Counsellor) ရာထူးရအောင် တီထွင်ဖန်တီးခဲ့ရာမှာ NLD ရှေ့နေကြီး ဦးကိုနီရဲ့ အကြံအဉာဏ်နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့် (ယခုနိုင်ငံတော်သမ္မတကြီး) နဲ့ ဒေါက်တာဇော်မြင့်မောင်တို့ လေးဦးသာ သိုသိပ်စွာ ဆောင်ရွက်ခဲ့ကြတာကြောင့် ဖြစ်ပါတယ်။

ဒုတိယ အငြိုးထားရတဲ့ အကြောင်းကတော့ NLD ပြည်သူ့အစိုးရ အုပ်ချုပ်နေတဲ့ ကာလအတွင်း ယတြာရူး၊ ဘုရင်ရူး မင်းအောင်လှိုင်ဟာ အာဏာမသိမ်းမီကပင် ပုဂံက ထီးလိုမင်းလိုဘုရားကို ထီးတင်လိုခဲ့ပါတယ်။ NLD အစိုးရနဲ့ ရှေးဟောင်းသုတေသန ပညာရှင်တချို့က ပုဂံကို ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်အောင် ပြင်ဆင်နေချိန်ဖြစ်တာမို့ ဘုရင်ရူး မင်းအောင်လှိုင်ရဲ့ ပုဂ္ဂလိကစိတ်ကူးကို လက်မခံဘဲ ငြင်းဆန်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင်ကလည်း ထီးလိုမင်းလိုဘုရားကို မရိုးမသားနဲ့ စစ်ဘောင်းဘီချွတ် သမ္မတဟောင်း သိန်းစိန်ရဲ့ တပည့်တွေနဲ့ ဖွဲ့ထားတဲ့ “ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်း” က ရှေးဟောင်းသုတေသနရဲ့ သဘောတူညီချက်မပါဘဲ ဝင်ရောက်ပြင်ဆင်ဖို့ ကြိုးစားခဲ့တာမို့ ဘုရားဂေါပကအဖွဲ့ပါ စုံစမ်းစစ်ဆေးခံခဲ့ရပါသေးတယ်။

၂၀၁၉ ဇူလိုင်လမှာ ယူနက်စကိုက ပုဂံကို ကမ္ဘာ့အမွေအနှစ်စာရင်းထဲ အသိအမှတ်ပြု စာရင်းသွင်းခဲ့ပြီးတဲ့နောက်မှာ ဘုရင်ရူးမအလရဲ့အိပ်မက် တစခန်းထလာပြန်ပါတယ်။ ဇွတ်တရွတ်နဲ့ ၂၀၂၀ ဖေဖော်ဝါရီ ၂၇ ရက်မှာ သူ့ရဲ့ အခါတော်ပေး ဝဇီပိတ်ဘုန်းကြီးနဲ့အတူ ထီးလိုမင်းလိုဘုရားကို ရူးသွပ်စွာ ထီးတော်သစ်တင်ခဲ့ပါတယ်။ ထီးတင်ပွဲလုပ်ဖို့ မြေပြင်လုပ်ငန်းတွေ စီစဉ်တာ၊ အထွေထွေကိစ္စရပ်တွေ ဆောင်ရွက်ရာမှာ ပုဂံကို အဓိကစီမံခန့်ခွဲနေတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ဦးဆောင်တဲ့ မန္တလေးတိုင်း အရပ်သားအစိုးရနဲ့ ဘုရင်ရူးအကြား အဖုအထစ်ဖြစ်ခဲ့ရတာ အငြိုးထားရတဲ့ ဒုတိယအကြောင်းအရင်း ဖြစ်ပါတယ်။

တတိယအငြိုးကတော့ ဒေါက်တာဇော်မြင့်မောင်ဟာ မင်းနေပြည်တော်ဟောင်း မန္တလေးမြို့ကြီးကို စစ်အာဏာရှင်တွေ စိုးမိုးအုပ်ချုပ်စဉတုန်း အခါက အခြေအနေနဲ့ နှိုင်းယှဉ်လိုက်ရင် ဆီနဲ့ရေလိုကွာအောင် စနစ်တကျ ခေတ်မီတိုးတက် မြင့်မားသွားစေအောင် စီမံအုပ်ချုပ်ခဲ့တဲ့အပြင် Smart City လိုအပ်ချက်တွေ ဖြည့်ဆည်းပေးပြီး ပြည်သူလူထုကို မိဘသဖွယ်‌ အုပ်ချုပ်ခဲ့တာမို့ မန္တလေးမြို့သူမြို့သားတွေရဲ့ အထူးချစ်ခင် လေးစားကြည်ညိုမှုကို ရခဲ့တာဟာ စစ်မကောင်းဆိုးဝါးတအုပ်ကို မလိုမုန်းထား အငြိုးပွားစေခဲ့ပုံ ရပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် တိုင်းရင်းသား အများပြည်သူတွေ လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်သစ် တည်ဆောက်ထုဆစ်ကြရာမှာ တိုင်းရင်းသား ရဟန်းရှင်လူ ပြည်သူပြည်သား အာဇာနည် အထောင်အသောင်းဆိုတဲ့ လူငယ်လူရွယ် ကြယ်စင်တွေ၊ ရဟန်းအာဇာနည်တွေ၊ ဘာသာပေါင်းစုံ အာဇာနည် သူရဲကောင်းတွေ၊ လူ‌ကြီးသူကြီး ကြယ်တံခွန်ကြီးပေါင်းများစွာ ကြွေလွင့်ဆုံးရှုံးခဲ့ရ၊ ဆုံးရှုံးနေရဆဲ ဖြစ်ပါတယ်။ အဲဒီ ကြယ်စင်၊ ကြယ်တံခွန်တွေထဲမှာ မိသားစုမျိုးဆက် ၃ စုရဲ့ ဘဝတွေကိုရင်း အသက်ကိုပါ နှင်းခဲ့ရသူ ဒေါက်တာဇော်မြင့်မောင်ရဲ့ ခေါင်းဆောင်ကောင်း ပီသမှု၊ မတရားမှုကို နောက်ဆုံးအချိန်ထိ ဒူးမထောက် အညံ့မခံတဲ့ အာဇာနည်စိတ်ဓာတ်ဟာ ပြည်သူလူထုအတွက် စံထားဦးညွှတ်ရမယ့် စိတ်ထားနဲ့ ယုံကြည်ချက် ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကို အပြီးဖျက်သိမ်းနိုင်ဖို့ မြန်မာပြည်သူတွေရဲ့ ပေးဆပ်ရခြင်းတွေ ကြီးမားသလို နွေဦးတော်လှန်ရေးက ထုဆစ်ပေးမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုသစ်ဟာ အလွန်ခမ်းနားကြီးကျယ်စွာ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံကို တင့်‌တယ်စေပါလိမ့်မယ်။ ဘဝကိုရင်း အသက်ကို နှင်းခဲ့သွားကြတဲ့ ကြယ်စင်တွေရဲ့ ပေးဆပ်မှုတွေဟာ ကျန်ရစ်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်းအတွက် အလွန်ကြီးမားတဲ့ အရှိန်အဟုန်နဲ့ တွန်းအားတွေ ဖြစ်‌စေခဲ့သလို လက်ဆင့်ကမ်း အမွေကောင်းတွေ ပေးအပ်ရစ်ခဲ့တာမို့ မြန်မာ့နွေဦးတော်လှန်ရေးဟာ မုချမသွေ အောင်မြင်နိုင်မှာကို ခိုင်မာစွာ ယုံကြည်မိပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024