Home
မြန်မာသတင်း
ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း စကားသဝဏ် 
DVB
·
October 7, 2024

အောက်တိုဘာ ၇ ရက် မနက်က မန္တလေးမြို့မှာ ကွယ်လွန်သွားတဲ့ NLD ပါတီ ဒုဥက္ကဋ္ဌ-(၂) မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊  ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ဥရောပသမဂ္ဂ (EU)နဲ့  နိုင်ငံရေးလှုပ်ရှားသူတွေရဲ့ အထူးဝမ်းနည်းကြေကွဲကြောင်း ပြောဆို ထုတ်ပြန်ချက်တွေကို စုစည်းဖော်ပြလိုက်ပါတယ်။

ဦးအောင်ကြည်ညွန့် NLDဗဟိုအလုပ်ကော်မတီဝင်

“ပါတီအတွက်တင်မကဘူး၊ တနိုင်ငံလုံးအတွက်လည်း အင်မတန်နစ်နာတယ်။ တကယ်တမ်း ဒီဆုံးရှုံးမှုက ဆုံးရှုံးသင့် ဆုံးရှုံးထိုက်တဲ့ အနေအထားမျိုးနဲ့ တရားမျှတမှုအောက်မှာ ဆုံးရှုံးခဲ့တာ မဟုတ်တဲ့အတွက် အလွန်နစ်နာတယ်။ အလွန်ဝမ်းနည်းကြေကွဲစရာကောင်းတယ်။ တနည်းအားဖြင့် အဓမ္မတွေနဲ့ အဓမ္မသမားတွေရဲ့ စိုးမိုးနှိပ်ကွပ်မှုအောက်မှာ မြန်မာနိုင်ငံ ဘယ်လောက်အထိ ခံစားနေရသလဲဆိုတာ နားလည်စာနာနိုင်တဲ့သူတွေ ကောင်းကောင်းသိနိုင်ပါတယ်။” 

“ရှင်းရှင်းပြောရရင် ဒီလိုပုဂ္ဂိုလ်မျိုးအနေနဲ့ ဒီလိုမျိုး အနေအထားမျိုးဟာ ဒီလို အရေးယူ ဖမ်းဆီးရမယ့်၊ သတ်ဖြတ်ရမယ့် အနေအထားမျိုး မဟုတ်တာကို တမင်ကို ဒီလို ဆုံးရှုံးနစ်နာအောင် သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အခြေအနေက ငြင်းကွယ်လို့မရဘူး။ တပြိုင်နက်တည်းမှာပဲ အာဇာနည်မျိုး သေရိုးမရှိပါ။ ဒီလိုစိတ်ဓာတ်မျိုး၊ ဒီလိုအခြေအနေမျိုးနဲ့ ရပ်တည်သွားတဲ့ တကယ့်အာဇာနည် သူရဲကောင်းတယောက်အနေနဲ့ နှောင်းလူတွေအတွက် အများကြီး သင်ခန်းစာယူစရာကောင်းတယ်။ ဒီအေပါ်မှာမူတည်ပြီး နှောင်းလူတွေ အနေအထားနဲ့ ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေက ပိုပြီးအားတက်ဖို့ကောင်းတယ်။ ဘယ်လိုမှ မဖြစ်သင့်တဲ့ ကိစ္စရပ် ဖြစ်သွားတယ်လို့ ပြောရမှာပဲ။”

“ဒါကြောင့် ဒီအပေါ်မှာ အများကြီးသင်ခန်းစာယူဖို့ကောင်းတယ်။ နောက်ထပ် တိုင်းပြည်အတွက် အားကိုးအားထားပြုရတဲ့ ပြည်သူလူထုရဲ့ လိုလားထောက်ခံမှုတွေလည်း အပြည့်အဝရှိတဲ့ ခေါင်းဆောင်တွေကလည်း ခုချိန်ထိ မတရား ဖမ်းဆီးချုပ်နှောင်ခံထားရတယ်။ ဒီအပေါ်မှာ ဝမ်းနည်းရပါတယ်ဆိုတာလောက်နဲ့ ကျေနပ်ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလို့ မြင်တယ်။ နိုင်ငံတကာကိုလည်း ဒါအပါအဝင် ပြောချင်တယ်။ တကယ်တမ်းဆို မြန်မာနိုင်ငံတွင်းမှာ ပြည်သူတွေကို အခြေခံထားပြီး၊ ပြည်သူတွေကို ပစ်မှတ်ထားပြီး အမြဲမပြတ် နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်နေတဲ့ အခြေအနေမျိုးကို ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း အသိုက်အဝန်း ဒီအတိုင်း စောင့်ကြည့်နေရတယ်ဆိုတဲ့ ကိစ္စရပ်မျိုးက ရပ်တန့်ဖို့ကောင်းပြီလို့ ပြောချင်ပါတယ်။” 

“တကယ်တမ်းကျတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ရော၊ နိုင်ငံအနေနဲ့ရော ချင့်တွက်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း အသက်အရွယ်အားဖြင့် တွက်ကြည့်လေ၊ အခုဆိုရင် ၈၀ ဖြစ်ပြီပေါ့။ ဒီလိုအခြေအနေမျိုးမှာ ဒီအတိုင်းပဲ ဆက်ပြီး ရာဇဝတ်ပြစ်မှုတွေ ကျူးလွန်ခွင့်၊ မသိကျိုးကျွံပြုပြီး လိုသလို ဆောင်ရွက်ခွင့်ရှိတဲ့ အခွင့်အရေးကိုတော့ ပေးဖို့မကောင်းတော့ဘူးလို့ ပြောချင်ပါတယ်။  ကျန်ခဲ့တဲ့ ကျနော်တို့ရဲ့ ပါတီဝင်တွေ၊ တိုင်းပြည်အတွက် တရားမျှတမှုကို ရှာဖွေနေတဲ့ ခေါင်းဆောင်တွေကလည်း အခုလို ဆုံးရှုံးနစ်နာသွားပြီး ရှေ့ပိုင်းကနေ စံပြအနေအထားနဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင် အပါအဝင် တကယ်တမ်း အသက်တွေ၊ ဘဝတွေ ပေးနေတဲ့ လူငယ်တွေကို စာနာထောက်ထားမှုတွေနဲ့ ဒီလိုအခြေအနေမျိုးကို အမြန်ဆုံး ရပ်တန့်ဖို့ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့လိုပြီလို့ ပြောချင်ပါတယ်။”

ဦးကျော်ဇော် (NUG သမ္မတရုံးပြောခွင့်ရှိသူ)

“နောက်ဆုံးအချိန်ကြမှ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ဟာ ရှင်းရှင်းပြောရရင် စော်ကားတာပါပဲ။ အပြင်မှာ ကျန်ရှိနေတဲ့သူတွေ အနှောင့်အယှက်ပြုမှာ သူတို့ ဖိအားတွေပေးမှာပေါ့နော် အဲ့ဒါတွေကလည်း စိုးရိမ်ရတယ်ပေါ့နော်။"

ဒေါ်ဇင်မာအောင် (NUG နိုင်ငံခြားရေးဝန်ကြီး)

“တော်လှန်ရေးတာဝန်နဲ့ ခရီးထွက်နေရင်း လိုင်းမိတချက် မမိတချက်နဲ့  ကြည့်မိတဲ့အချိန် ဆရာ့ သတင်းကို ကြေကွဲဆို့နင့်စွာ ရင်တမမနဲ့ သိရ ကြားရတယ်ဆရာ။ ကျမတို့ တာဝန်မကျေသေးဘူး ဆိုတဲ့ အသိနဲ့ တောင်းပန်ပါရစေ ဆရာ။ ဆရာကျန်းမာရေး မကောင်းတာ သိထားပေမဲ့ နောက်ဆုံးအချိန်အထိ ယုံကြည်ရာ ရဲဝံ့စွာ - ရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတယောက်၊ ခေါင်းဆောင်တယောက်ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံချင် သေးဘူး ဆရာ။ အနက်ရောင် ပရိုဖိုင်း မပြောင်းချင်တော့ဘူး။ မန္တလေး ရောက်ရင်မတွေ့ ရတော့ဘူး။ သို့သော် ဆရာ့လက်ထက်က တောက်ပခဲ့တဲ့ မန္တလေးကိုတော့ မေ့ကြလိမ့်မယ်မထင်ဘူး။ နောက်ဆုံးအချိန်အထိ မတရားမှုကို မထေ့ပြုံးနဲ့ အံတုသွားခဲ့မယ်ဆိုတာ အသေအချာ ယုံတယ်ဆရာ။ ဆရာ့အကြောင်းပြောရင် အန်တီယုကို တွဲသတိရတာပဲ။ မန္တလေး တမြို့လုံး မိုးညှို့ နေပြီလား။ မိသားစုနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ လေးစားစွာ ဦးညွှတ်ကန်တော့ လိုက်ပါတယ်ဆရာ။”

ဦးမြအေး ( ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ) 

“NLD ပါတီ ဒုဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားကြောင်း သိရပါတယ်။ တိုင်းပြည်အတွက် ကြီးမားတဲ့ဆုံးရှုံးမှုပါ။ အလွန်ကို စိတ်ထိခိုက်မိပါတယ်။ နှစ်ပေါင်း ၄၀ နီးပါး သိကျွမ်းရင်းနှီးခဲ့ရတယ်ဆိုပေမဲ့ များများပိုင်း ကထောင်ထဲမှာပါ။ ဖြောင့်ဖြောင့်လျှောက်ခဲ့တဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ ဘဝပဲဆိုပါတော့။ ဆရာဇော် ကောင်းရာသုဂတိလားပါစေ။”

ဒေါက်တာတေဇာဆန်း (မန္တလေးသပိတ်ခေါင်းဆောင်)

"ဒါတွေအားလုံးသည် ဖက်ဆစ်စစ်အုပ်စုက အပြည့်အဝ တာဝန်ယူတာဝန်ခံရမှာဖြစ်တယ်ဆိုတာ လူထုအနေနဲ့ ဒီကနေ သတိပေးစကားပြောကြားချင်ပါတယ်။ ဆရာဇော်ဆိုရင်လည်း အဖမ်းမခံရခင်ကတည်းက ကင်ဆာရောဂါဖြစ်နေတယ်ဆိုတာ လူထုကသိရှိပြီးသား။ ပြောချင်တာက ကျန်းမာရေးမကောင်းတဲ့ အသက် ၇၀ ၊ ၈၀ တန်းပုဂ္ဂိုလ်ကြီးတွေကို၊ လူထုခေါင်း ဆောင်တွေဗျာ၊ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေဗျာ၊ ဒီလိုမျိုး အဓမ္မဖမ်းဆီးထိန်းသိမ်းထားခြင်းသည် ပြစ်မှုမျိုးစုံကျူးလွန်ချိုးဖောက်နေခြင်းဖြစ်တယ်။ ဒါတွေအတွက်‌ သေချာပေါက်အမှန်တရားနဲ့ တရားမျှတမှုကို နွေဦးတော်လှန်ရေးအောင်ပွဲကြီးကနေ ကျနော်တို့ဖော်ဆောင်သွားမှာဖြစ်တယ်။”

ဦးကြီးမြင့် (ဝါရင့်တရားလွှတ်တော်ရှေ့နေ)

“ဒါကို ပစ်စလက်ခတ်လုပ်လို့မရဘူး၊ သာမန်လုပ်လို့မရဘူး။ မိသားစုကိုပြန်ပေးရမယ် ကောင်းမွန်စွာ သင်္ဂြိုဟ်ခွင့်ပေးရမယ်၊ ဒါဟာ နိုင်ငံတော်အဆင့်ပဲလေ။ ဖုံးပေမဲ့လို့ ပေါ်တယ်ဆိုတာက အခု ဈာပနကိစ္စမှာတော့ သူတို့ရဲ့အကျင့်တွေက ပေါ်ပြီလေ။ အခုသူတို့ခေါ်တဲ့ နိုင်ငံရေးနဲ့ဖြေရှင်းမယ်ဆိုတဲ့ဟာတွေ ကမ္ဘာကြီးက မယုံကြည်တော့ဘူးဆိုတာ ဒီဈာပနကိုလည်း ကြည့်မှာပဲ။ ဒီပုဂ္ဂိုလ်တယောက်ကို ဘယ်လိုသေဆုံးသွားစေသလဲ။ သေခါနီးအထိ လွှတ်မပေးဘူး၊ သေခါနီးမှ လွတ်ငြိမ်းချမ်းသာခွင့်လုပ်တယ်။ ဆိုတော့ သူတို့ရဲ့နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုတဲ့ဥစ္စာတွေက ယုံကြည်စရာမရှိဘူးဆိုတာကို ဒါအထောက်အထားလည်းဖြစ်သွားတာပေါ့။"

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ဦးတိတ်နိုင်

“ဒီလို သေဆုံးကာနီးမှ လွှတ်ပေးကြောင်း ထုတ်ပြန်တာဟာ အရင် စစ်အာဏာရှင်အဆက်ဆက်မှာလည်း ရှိခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ စစ်အာဏာရှင်တို့ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ပြီး ဒါဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးအကျဉ်းသားများအပေါ် အကြံဆိုးနဲ့ သေဒဏ်ပေးခြင်းပဲဖြစ်တယ်။”

ကိုမိုးထက်နေ (ဉာဏ်လင်းသစ်သုတေသနအဖွဲ့)

“စစ်အုပ်စုကလည်း ဒေါက်တာဇော်မြင့်မောင်ရဲ့ဈာပနကို ဖြစ်သင့်တဲ့ ဈာပနမဖြစ်အောင် လုပ်ဆောင်ဖို့လည်း တဖက်မှာအသင့်ရှိနေလိမ့်မယ်လို့ ထင်ပါတယ်။ မန္တလေးလူထုကတော့ သူတို့ရဲ့ ဒေါက်တာဇော်မြင့်မောင်အပေါ်မှာ တန်ဖိုးထားတဲ့စိတ် စစ်အုပ်စုရဲ့သတ်ဖြတ်မှုကို ဆန့်ကျင်တဲ့စိတ်ကိုတော့ သူ့နည်းသူ့ဟန်နဲ့ဖော်ပြကြလိမ့်မယ်လို့ ကျနော်တော့ ယူဆပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -ဗဟိုအလုပ်ကော်မတီ

ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်ဖက်အာဏာသိမ်းပြီးသည့် နောက် သွေးကင်ဆာဝေဒနာကို အမြင့်ဆုံးအဆင့်ရင်ဆိုင်နေရသော်လည်း တကိုယ်ရည်သက်သာ ခွင့်ရရန် စစ်အာဏာရှင်အလိုကျ ဦးညွှတ်ခဲ့သူမဟုတ်ပါ။ ပြည်သူလူထု၏ ဆင့်လွှဲအာဏာဖြစ်သည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်လျက် ဆေးဝါးကုသမှု မလုံလောက်သည့်ကြားမှ ကင်ဆာဝေဒနာကိုကြံ့ကြံ့ခံကာ ပြည်သူ့ဘက်မှရပ်တည်ခဲ့သူ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည်။

အဖမ်းဆီးခံဘဝတွင် သွေးကင်ဆာရောဂါအတွက် လုံလောက်သည့် ကုသမှုမရသည့်အပြင် ထောင်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရပြီး ကျန်းမာရေးသိသာစွာကျဆင်းလာသော်လည်း လုံလောက်သည့်ကုသမှုများနှင့် သင့်တင့်လျောက်ပတ်သည့် နေရာထိုင်ခင်းမရရှိခဲ့ခြင်းသည် ကွယ်လွန် တိမ်းပါးမှု၏ အရင်းခံအကြောင်းများဖြစ်ပါသည်။

အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင်သည် ပါတီဝင်တစ်ဦးအနေဖြင့်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်အနေဖြင့်လည်းကောင်း၊ အစိုးရအဖွဲ့အနေဖြင့်လည်းကောင်း ပေးအပ်သော တာဝန်များကို အဂတိကင်းရှင်းစွာ တာဝန်ကျေခဲ့သူတစ်ဦးအဖြစ် မှတ်တမ်းတင်အပ်ပါသည်။

အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင်၏ လေးစားအတုယူဖွယ်‌ကောင်းသော ဂုဏ်ဒြပ်များကို ဦးညွှတ်အလေးပြုစံနမူနာထားလျက် ကျွန်ုပ်တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့ချုပ်ခေါင်းဆောင်များ‌မျှော်မှန်းသည့် အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု လမ်းကြောင်း ဆီသို့ ပြည်သူ့ဆန္ဒနှင့်အညီ မမှိတ်မသုန်လျှောက်လှမ်းသွားမည်ဟု သန္နိဌာန်ပြုအပ်ပါသည်။

ဒေါက်တာဇော်မြင့်မောင် နာမကျန်းစဉ် အစစအရာရာ ကူညီကြပါသော မိတ်ဆွေအပေါင်းနှင့် ကျန်းမာရေးဘက်ဆိုင်ရာ အထောက်အကူပြုသူများအားလုံးအား အဖွဲ့ချုပ်အနေဖြင့် ကျေးဇူးတင်ရှိ ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားခြင်းအတွက် ပြည်သူနှင့်အတူ၊ ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှဝမ်းနည်း ကြေကွဲရပါကြောင်း မှတ်တမ်းတင်ဖော်ပြအပ်ပါသည်။ ‘အဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ-၂၊ ဒေါက်တာဇော်မြင့်မောင်.. ကောင်းရာသုဂတိလားပါစေ’

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) 

ဒေါက်တာဇော်မြင့်မောင်သည် ဒီမိုကရေစီအရေးနှင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးတွင် ပြည်သူနှင့်အတူ၊ အခြားသောဒီမိုကရေစီအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံဆောင်ရွက်လျက်ရှိ သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းတည်ထောင်သည့်ကာလမှစ၍ ကွယ်လွန်ချိန် အထိ ဒီမိုကရေစီရေးလှုပ်ရှားမှု ခရီးလမ်းတလျောက် တစိုက်မတ်မတ်ဖြင့် ဦးဆောင်ပါဝင်ခဲ့မှုကြောင့် စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည့်အပြင် ၂၀၂၁ခုနှစ် အာဏာသိမ်း ဖြစ်စဉ်တွင်လည်း မတရားသည့် ပုဒ်မအမျိုးမျိုးတပ်၍ နှစ်ရှည်ထောင်ဒဏ်(၂၉)နှစ်အထိ ချမှတ်ခြင်း ခံခဲ့ရပြီး ကင်ဆာရောဂါခံစားနေမှန်း သိလျက်နှင့် ရောဂါအခြေအနေနှင့် ကိုက်ညီသော လုံလောက် သည့် ကျန်းမာရေးစောင့်ရှောက်မှုများမရရှိဘဲ အကျဉ်းထောင်အတွင်း ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး  ကွယ်လွန်သွားခဲ့ရသော နိုင်ငံ ရေးသမားကောင်းတစ်ဦး ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခက်ခဲကြမ်းတမ်းလှသည့် ဒီမိုကရေစီခရီးကြမ်းတလျှောက် တွင် ပြည်သူများနှင့်အတူ မားမားမတ်မတ်ရပ်တည်၍ ဦးစီးဦးဆောင်ပြုကာ ပါတီတွင်းညီညွတ်ရေး၊ ပါတီပြင်ပညီညွတ်ရေးနှင့် ဒီမိုကရေစီအင်အားစုများအကြား ညီညွတ်ရေးကိုပါ တည်ဆောက်နိုင်‌ရန် ကြိုးပမ်းခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်ခဲ့ပါသည်။ ထို့အပြင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှ စပြီး (၄) ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့သည့် ပြည်သူ့ကိုယ်စားလှယ်ကောင်းတစ်ဦးဖြစ်ရုံသာမက ရွေးကောက်ပွဲ အောင်နိုင်ရေး ခရီးစဉ်များ၊ စည်းရုံးရေးခရီးစဉ်များကိုလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ သက်စွန့်ဆံဖျား လိုက်ပါ ဆောင်ရွက်ခဲ့သည့် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဆုံးအစိုးရသက်တမ်း (၂၀၁၆-၂၀၂၁) ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင်လည်း အများပြည်သူက အပ်နှင်းထားသည့် အခွင့်အာဏာများကို ဒီမိုကရေစီကျင့်ဝတ်များနှင့်အညီ မန္တလေးတိုင်းဒေသကြီးနှင့် မန္တလေးမြို့တော်နေ ပြည်သူတစ်ယောက်ချင်း၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတာဝန်များကို နေ့မအား ညမနား တစိုက်မတ်မတ် ဖြင့် တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့သည့် ပြည်သူ့ကိုယ်စားပြု တိုင်းဒေသကြီးဝန်ကြီးချုပ် ကောင်းတစ်ဦးလည်း ဖြစ်ခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင်း၌သာမက ပြည်သူများအားလုံးအတွက် လေးစားအား ကျအတုယူဖွယ် ဂုဏ်ပုဒ်များစွာနှင့်ပြည့်စုံလှသည့် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားသော် လည်း အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဒေါက်တာဇော်မြင့်မောင် မျှော်မှန်းခဲ့သည့်အတိုင်း ပြည်သူ့နွေဦးတော်လှန်ရေးကို အမြန်ဆုံးပြီးမြောက်အောင်မြင်သည်အထိ မမှိတ်မသုန် ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟု လေးနက်တည်ကြည်စွာဖြင့် ထပ်လောင်း၍ ကတိသစ္စာပြုအပ်ပါသည်။”

ဒေါက်တာဇော်မြင့်မောင်၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ချစ်ခင်မြတ်နိုးမှု၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ပြည်သူများအပေါ်သစ္စာရှိမှု၊ ရိုးသားဖြောင့်မတ်၍ ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ် အနစ်နာခံမှုတို့သည် ကျွန်ုပ်တို့မြန်မာပြည်သူများအားလုံး၏ ရင်ထဲတွင် အတုယူစရာ၊ မော်ကွန်းတင် စရာ နိုင်ငံရေးသမားကောင်းတစ်ဦးအဖြစ် ကမ္ဘာတည်သရွေ့တည်ရှိနေမည်ဖြစ်ပြီး အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် အစဉ်အမြဲ အောက်မေ့သတိရလျက် လေးစားဦးညွတ်ပါကြောင်း ဖော်ပြရင်း ဤသဝဏ်လွှာကိုပေးပို့အပ်ပါသည်။”

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) 

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးကြိုးပမ်းရာတွင် မေ့ပျောက်၍မရနိုင်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါသည်။ အာဇာနည်မျိုး သေရိုးမရှိဆိုသလို လူသေသော်လည်း နာမည်မသေသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် မြန်မာ့သမိုင်းတွင် ကမ္ဗည်းထိုးနိုင်ခဲ့ပြီဖြစ်ပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ ညှဉ်းပန်းနှိပ်စက်မှုဒဏ်များကို နောက်ဆုံးထွက်သက်အချိန်အထိ အရှုံးမပေးလက်မမြှောက်ဘဲ ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သည်မှာ လေးစားအတုယူဖွယ်ကောင်းသကဲ့သို့ ရင်နင့်ဖွယ်လည်း ကောင်းလှပါသည်။ မြန်မာတစ်နိုင်ငံလုံး ဒီမိုကရေစီရရှိရေးအတွက်ဆိုသော ခံယူချက်ကို မြဲမြံစွာဆုပ်ကိုင်ရင်း တရားမျှတမှုအတွက် အသက်ပေးဆပ်ခဲ့ရသော အာဇာနည်ပုဂ္ဂိုလ်အဖြစ် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတို့၏ ရင်ထဲတွင် မေ့ပျောက်၍မရနိုင်သောဖြစ်ရပ်တစ်ခုအဖြစ် အစဉ်အမြဲ သတိရ အောက်မေ့နေမည် ဖြစ်ပါသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းသည် မိမိတို့ ပြည်သူလူထုအတွက် လွန်စွာကြီးမားသော ဆုံးရှုံးမှုတစ်ခုဖြစ်ပါသည်။ အသက်ပေးဆပ်ကာ ဒီမိုကရေစီကို ကာကွယ်ထိန်းသိမ်းခဲ့သည့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ မပြီးဆုံးသေးသော ဒီမိုကရေစီတိုက်ပွဲကို မိမိတို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီအနေဖြင့် အခြားသောတော်လှန်ရေးအင်အားစုအသီးသီးနှင့်အတူ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလေးအနက် ကတိပြုအပ်ပါသည်။ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကောင်းမွန်ရာဘဝမှာ အေးချမ်းစွာ အနားယူနိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံရုံး

သုံးကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်သည် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၇  ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ နှင့် မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်သည် ၁၉၈၈ ခုနှစ်မှ ၂၀၀၉ ခုနှစ် အတွင်း ထောင်ဒဏ် ၁၉ နှစ် ကျခံခဲ့ရပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို လမ်းညွှန်ပေးခဲ့သည့် လူ့အခွင့်အရေးကို အထူးအလေးအနက်ထား ခုခံကာကွယ်ခဲ့သူ တစ်ဦး ဖြစ်ပါသည်။

ဒေါက်တာဇော်မြင့်မောင်သည်  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက် အာဏာသိမ်းမှုအပြီးတွင် စစ်အာဏာပိုင်များက မမှန်ကန်သည့် နိုင်ငံရေးစွဲချက်များဖြင့် ထပ်မံဖမ်းဆီးခြင်းကို ခံခဲ့ရသည်။ နှစ်ပေါင်းများစွာ  လုံလောက်သည့် ဆေးကုသမှုကို မရရှိခဲ့ဘဲ ပြင်းထန်သော နာမကျန်းမှုဖြင့် ရုန်းကန်ခဲ့ရသည့် သူ၏ အကျဥ်းစံအခြေအနေသည်  လွန်စွာ လူမဆန် ၊ အဆင့်နှိမ့်စွာ နေခဲ့ရသည် ။ မကွယ်လွန်မီ နာရီပိုင်းအလိုတွင်မှ  စစ်အစိုးရက သူ၏ လွတ်ငြိမ်းသက်သာခွင့်ကို ပေးအပ်ခဲ့ခြင်းသည်  စစ်မှန်သော သနားကြင်နာမှု မဟုတ်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးသည် ဒေါက်တာဇော်မြင့်မောင်၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါသည် ။

ဥရောပသမဂ္ဂသည် မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်လျက်ရှိပြီး ငြိမ်းချမ်းရေးနှင့် ပြန်လည် သင့်မြတ်ရေးတို့အတွက် မရှိမဖြစ် လိုအပ်ချက်များဖြစ်သည့်  မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန်နှင့် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် တောင်းဆို တိုက်တွန်းအပ်ပါသည်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024