Home
မြန်မာသတင်း
မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်
DVB
·
October 7, 2024

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ ဒုဥက္ကဋ္ဌ-(၂)၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အောက်တိုဘာ ၇ ရက် မနက်က  မန္တလေးဆေးရုံကြီးမှာ  ကွယ်လွန်သွားပါတယ်။

ဒေါက်တာ ဇော်မြင့်မောင်​ဟာ  သွေးကင်ဆာရောဂါခံစားနေရသူဖြစ်ပြီး သူ့ရဲ့ ကျန်းမာရေး အဆိုးရွားဆုံး အခြေအနေရောက်မှ အကျဉ်းထောင်ကနေ မန္တလေးဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှုခံယူခွင့်ရခဲ့တာ ဖြစ်ပါတယ်။

မန္တလေးဆေးရုံကြီး၊ အထူးကြပ်မတ်ဆောင် (ICU) မှာ ဆေးကုသမှုခံယူနေချိန် အောက်တိုဘာ ၆ ရက်မှာ ဒေါက်တာဇော်မြင့်မောင် ကျခံထားရတဲ့ ပြစ်ဒဏ်တွေကို ပုဒ်မ ၄၀၁ ပုဒ်မခွဲ ၁ အရ စည်းကမ်းသတ်မှတ်ချက်နဲ့ လွတ်ငြိမ်းခွင့်ပေးကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး    အောက်တိုဘာ ၇ ရက် မနက် ၃ နာရီမှာ ဒေါက်တာဇော်မြင့်မောင်  ကွယ်လွန်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင် မကွယ်လွန်မီ နာရီပိုင်းအလိုကအခြေအနေကို မိသားစုရဲ့မိတ်ဆွေတယောက်က "ဆရာ့အခြေအနေကဆိုးတယ်တဲ့။ အောက်စီဂျင်ဖြုတ်လိုက်ရင်ကို ဆုံးမယ့်သဘောရှိတယ်တဲ့။ ဒါပေမဲ့ ဘယ်တုန်းကမှ မိသားစုတွေအတွက်ဆို အရေးလုပ်တာမဟုတ်ဘူးတဲ့၊ သူတိုင်းပြည်အတွက်ပဲ လုပ်တာကို။ အခုကျတော့ မိသားစုတွေကိုတွေ့ချင်တာတဲ့။ အဲ့ဒီတော့ကျတော့ ရန်ကုန်ကလူတွေက ဗီဒီယိုခေါ်ပြော ဘာညာဆိုပေမဲ့ အစ်ကိုဘာမှ မပြောနိုင်တော့ဘူးတဲ့။ သူမခံနိုင်တော့ဘူး လက်မောင်းလေးကိုင်ရင်တောင်နာတယ်တဲ့၊ ပါးစပ်ထဲမှာလည်း အနာတွေပေါက်တယ်တဲ့"လို့ ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်​ကို စစ်အာဏာရှင်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်  အာဏာသိမ်းတဲ့နေ့ကတည်းက ဖမ်းဆီးထားတာဖြစ်ပြီး နောက်ပိုင်းမှာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)၊ သဘာ၀ဘေးစီမံပုဒ်မအမှု၊ အဂတိလိုက်စားမှုတွေအပါအဝင်  အမှု ၉ မှုနဲ့ စွပ်စွဲပြီး ထောင်ဒဏ် စုစုပေါင်း ၂၉ နှစ် ချမှတ်ခဲ့ ပါတယ်။ 

ဒေါက်တာဇော်မြင့်မောင်ကတော့ ဘယ်သူ့ဆီကမှ ဘာမှမယူခဲ့သလို သူ့ကိုစွဲထားတဲ့အမှုတွေနဲ့ပတ်သက်ပြီးလည်း အပြစ်မရှိဘူးလို့လည်း ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ကို ၁၉၅၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်က မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ အဖဒေါက်တာချစ်မောင် အမိ ဒေါ်မြင့်မြင့်ချစ်တို့ကနေ မွေးဖွားခဲ့ပြီး မန္တလေးမြို့ စိန့်ပီတာကျောင်း၊ အမှတ် ၉ အခြေခံပညာအထက်တန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။

၁၉၇၉ ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့ပြီး စစ်ကိုင်းတိုင်း၊ ရွာသစ်ကြီးဆေးရုံမှာ အလုပ်လုပ်ကိုင်ခဲ့သလို ၁၉၈၃ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ မန္တလေးဆေးတက္ကသိုလ်မှာ ဇီဝဓာတုဗေဒသရုပ်ပြအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ  ၁၉၉၀ ရွေးကောက်ပွဲ၊  ၂၀၂၁ ကြားဖြတ် ရွေးကောက်ပွဲနဲ့    ၂၀၁၅ ရွေးကောက်ပွဲတွေမှာ  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၃ ကြိမ်တိုင်တိုင် ရွေးကောက်တင်မြှောက်ခံခဲ့ရပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် တာဝန်ယူခဲ့တဲ့ကာလမှာ မန္တလေးမြို့ဟာ သိသာထင်ရှားစွာ ဖွံ့ဖြိုးတိုးတက် သာယာလှပတဲ့မြို့အဖြစ် အများပြည်သူတွေရဲ့ အသိအမှတ်ပြု ခံခဲ့ရပါတယ်။ 

ဒေါက်တာဇော်မြင့်မောင်ဟာ NLD ပါတီရဲ့ လေးစားအားထားရတဲ့ ခေါင်းဆောင်တယောက်ဖြစ်ပြီး  ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်တွေမှာလည်း သူ့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့် နှစ်ရှည်ထောင်ဒဏ်တွေ အကြိမ်ကြိမ်ချမှတ်ခံရဘူးတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်းတယောက်လည်း ဖြစ်ပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး ဇနီးဖြစ်သူ ဒေါက်တာ ဒေါ်ယုယုမေ၊ သား ဒေါက်တာဉာဏ်ဝေဖြိုး၊ ဒေါက်တာ ရွှေဖြိုးဟန်၊ သမီး ဒေါက်တာစုဝေပုံ နဲ့ မြေးတွေ ကျန်ရစ်ခဲ့ပါတယ်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က “ ဆရာ ကျန်းမာရေး မကောင်းတာ သိထားပေမဲ့ နောက်ဆုံးအချိန်အထိ ယုံကြည်ရာ၊ ရဲ့ဝံ့စွာ ရပ်တည်ပြခဲ့တဲ့ နိုင်ငံရေးသမားတယောက်၊ ခေါင်းဆောင်တယောက်ကိုတော့ ဆုံးရှုံးရတယ်လို့ လက်မခံချင် သေးဘူး ဆရာ၊ အနက်ရောင် ပရိုဖိုင်း မပြောင်းချင်တော့ဘူး၊ မန္တလေး ရောက်ရင်မတွေ့ရတော့ဘူး။ သို့သော် ဆရာ့လက်ထက်က တောက်ပခဲ့တဲ့ မန္တလေးကိုတော့ မေ့ကြလိမ့်မယ်မထင်ဘူး။ နောက်ဆုံးအချိန်အထိ မတရားမှုကို မထေ့ပြုံးနဲ့ အံတုသွားခဲ့မယ်ဆိုတာ အသေအချာယုံ တယ်ဆရာ။ ဆရာ့အကြောင်းပြောရင် အန်တီယုကိုတွဲ သတိရတာပဲ။ မန္တလေးတမြို့လုံး မိုးညှို့ နေပြီလား။ မိသားစုနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်။ လေးစားစွာ ဦးညွှတ်ကန်တော့ လိုက်ပါတယ်ဆရာ”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာရေးသားထားပါတယ်။ 

ဒေါက်တာဇော်မြင့်မောင်ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို မိသားစုနေအိမ်တည်ရှိရာ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ကျွဲဆည်ကန်ရပ်၊ ဓမ္မာရုံလမ်းမိသားစုနေအိမ်ဆီကို သယ်ယူပြင်ဆင်ထားတယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ စစ်အာဏာသိမ်းတဲ့ကာလတလျှောက် ကောင်းမွန်တဲ့ ဆေးဝါးကုသခံယူခွင့်မရခဲ့ဘူးလို့ အကျဉ်းထောင်ထဲမှာ အတူနေထိုင်ခဲ့သူတချို့ကပြောပါတယ်။

ရောဂါအခြေအနေ ဆိုးရွားချိန်ရောက်မှ ဒေါက်တာဇော်မြင့်မောင်ဟာ ပြင်ပဆေးရုံကို ပြောင်းရွှေ့ခွင့်ရခဲ့ပြီး မကွယ်လွန်ခင် နာရီပိုင်းအလိုကမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးကြောင်းကို စစ်ကောင်စီက ကြေညာချက် လာဖတ်ပြခဲ့တယ်လို့ မိသားစုဝင်တွေရဲ့ မိတ်ဆွေတချို့က ပြောပါတယ်။

"မန္တလေးပြည်သူ့ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ ဆုံးတယ်လို့ သိရပါတယ်" လို့ ဦးကျော်ထွေးက ရှင်းလင်းပြောဆိုပြီး ဈာပနကျင်းပမယ့်ရက်ကိုတော့ အတည်မပြုနိုင်သေးဘဲ မိသားစုတွေက စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ညှိနှိုင်းနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒေါက်တာဇော်မြင်မောင်ဟာ လူချစ်လူခင်ပေါများတဲ့သူ ဖြစ်တာကြောင့် ဈာပနမှာ လူစုလူဝေးဖြစ်ပြီး ပြဿနာဖြစ်လာနိုင်တာကို စစ်ကောင်စီက မလိုလားတဲ့ အခြေအနေတွေလည်း ရှိနေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးတာဝန်ရှိသူ ဦးကျော်ဇော်ကတော့ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်သွားတဲ့အတွက် ဝမ်းနည်းကြောင်းနဲ့ ဖြစ်ခဲ့သမျှကိစ္စအားလုံးဟာ စစ်ကောင်စီရဲ့တာဝန်သာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်လို နာမည်ကျော်ထိပ်သီးခေါင်းဆောင်တယောက်ကို မိသားစုက အခြေခံဥပဒေ နိုင်ငံသား၊ လူ့အခွင့်အရေးခံစားခွင့်တွေနဲ့အညီ  ပြင်ဆင်ဆောင်ရွက်ခွင့်ပေးရမှာဖြစ်တယ်လို့ ဝါရင့်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ထားပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ သူရ ဦးတင်ဦး၊ ဦးဉာဏ်ဝင်း၊ မုံရွာအောင်ရှင် စသူတွေ  ကွယ်လွန်သွားခဲ့တာ ဖြစ်ပြီး ပါတီခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်‌ဆောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နဲ့ တခြား ပြည်နယ်နဲ့တိုင်းက ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ ဖမ်းဆီးခံနေရဆဲ ဖြစ်ပါတယ်။ 

ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်သွားသည့်အတွက် ဝမ်းနည်းကြောင်း စကားသဝဏ်များ

ဇေယျာချမ်းအေး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024