မန္တလေးဆိုတဲ့အသံ ဖေ့စ်ဘွတ်ခ်ရင်ပြင်ပေါ် လွှမ်းသွားခဲ့တယ်။ တကယ့် မန္တလေး၊ တကယ့်ကို ဆရာဇော်၊ တကယ့်ကို လက်သီးကျစ်ကျစ်ပါဆုပ်ကာ စစ်ဘီလူးတွေရဲ့ သေနတ်ပြောင်းဝရှေ့ကနေ မတ်မတ် ဖြတ်ခဲ့ကြ။ မန္တလေးမြို့ရဲ့ သမိုင်းဝင် ၂၀၂၄၊ အောက်တိုဘာ ၈။
အောက်တိုဘာ ၇ ရက်၊ မနက် ၃ နာရီမထိုးခင် မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဒေါက်တာဇော်မြင့်မောင် ကျဆုံးခဲ့ပြီးနောက် ကျွဲဆည်ကန်အိမ်ကို ပြန်သယ်။ မနက်ခင်း လင်းလင်းရှင်းရှင်း ရှိတဲ့အချိန်မှာပဲ အသက်မဲ့ခန္ဓာကိုတောင် ကြောက်ရရှာတဲ့ စစ်ကောင်စီက အရပ်ဝတ်တွေနဲ့ အိမ်ပတ်ပတ်လည် စောင့်ကြပ် ခြိမ်းခြောက်။
သတင်းတွေအရ ဒေါက်တာဇော်မြင့်မောင်ဆီ လာရောက်ဂါရဝပြုကြသူ ခပ်ပါးပါးလေးပဲ ဆိုတော့ မနက်ဖြန် ဈာပနအခမ်းအနား မိသားစုနဲ့ အရင်းအချာ နည်းနည်းပါးပါးလောက်သာ ရောက်လာကြမယ်လို့ ထင်ထားခဲ့ကြတယ်။ အကြမ်းဖက်စစ်ယူနီဖောင်း ဝတ်ထားတဲ့ ဘယ်သူမဆို ဘယ်ပြည်သူကိုမဆို ဘာအကြောင်းပြချက်မှ ပေးစရာမလိုဘဲ ပစ်သတ်ခွင့်ရှိနေတဲ့ ခေတ်ဆိုးကြီးထဲမှာ ဘယ်ပြည်သူမှ ရောက်မလာနိုင်ဘူးဆိုလည်း ဒေါက်တာဇော်မြင့်မောင် ကိုယ်တိုင် နားလည်ပေးမှာ သေချာတယ်။ ပြီးတော့ မန္တလေးဆိုတာက မြို့ကြီးပြကြီးအဖြစ် အတည်ပေါက် ထည်ဝါနေသေးပေမဲ့ တိုက်ပွဲတွေနဲ့ နီးနီးလေး။ မှတ်မှတ်ရရ၊ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်ကပဲ မန္တလေးမြို့နဲ့ ၅ မိုင်ကျော်သာဝေးတဲ့ မတ္တရာအပိုင်၊ သုံးဆယ်ပေးရွာနားမှာ တိုက်ပွဲတွေထန်ပြင်းလို့ မန္တလေးမြို့ကနေ အတိုင်းသား ကြားခဲ့ကြ။ စက်တင်ဘာ ၂၉ ရက်ကပဲ မန္တလေးနန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တည့်တည့် PDF ရှော့တိုက်ဒုံးတွေ ပြေးဝင်လာလို့ အကြမ်းဖက်စစ်တပ် မျက်ဖြူလန်ခဲ့ရသေးဆိုတော့ မန္တလေးကို စစ်ကောင်စီ အလွတ်မပေးရဲ၊ မျက်လုံး ဒေါက်ထောက်။
ဒါပေမဲ့ မန္တလေးသားတွေ ခြေသံလုံခဲ့ကြတယ်။ အောက်တိုဘာ ၈ ရက် မနက် ကျွဲဆည်ကန်အိမ် ကနေ တောင်အင်းမြောက်အင်းသုသာန်ဆီ ထွက်တော့မယ်ပြင်တော့ ဘယ်ကဘယ်လို ရောက်လာကြမှန်းမသိတဲ့ မန္တလေးပြည်သူတွေ သောင်းနဲ့ချီ။ ဈာပနယာဉ်တန်းထဲ ရောက်ရှိလာကြတဲ့ ကားတွေနဲ့ ဆိုင်ကယ်ပေါင်း များစွာ။ သုသာန်သို့သွားရာ လမ်းတလျှောက် ဝဲယာ ဆရာဇော်ကို ဂါရဝပြု နှုတ်ဆက်နေကြတဲ့ ပြည်သူများစွာ။ လုံခြုံရေးတင်းကျပ်ထားတဲ့ စစ်ကောင်စီ အငိုက်မိ၊ ဘာမှမတတ်နိုင်။ တကယ့် မန္တလေး။
“နာရေးလိုက်ပို့လို့ အဖမ်းခံရမှာလည်း ကြောက်ရသေးတော့ လိုက်ပို့တဲ့သူ နည်းမှာပဲလို့ ထင်ထားခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဆရာဇော်ကိုတော့ လိုက်ပို့ရမယ်ဆိုတဲ့စိတ်နဲ့ အိမ်ကထွက်လာတယ်။ တခြားသူတွေလည်း ကျနော့်လိုစိတ်နဲ့ပဲ အိမ်ကထွက်လာကြတာ။ အခုလောက် လူများမယ်လို့ ဘယ်သူမှ မထင်ထားကြဘူး” လို့ မန္တလေးသား မိတ်ဆွေက လှမ်းပြောပြတယ်။
ပြည်သူတဦးချင်းစီရဲ့ ရင်ထဲ အခိုင်အမာ အမြစ်တွယ်နေတဲ့ ဒီမိုကရေစီရေးစိတ်ဓာတ်။ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေတုန်းက ပြည်သူတွေကိုယ်တိုင် ထင်မထားတဲ့ရလဒ် ထွက်ခဲ့သလိုမျိုး။ ငါတို့ပြည်သူတွေရဲ့ဆန္ဒ ဒီလောက်တူညီ တထပ်တည်းကျလိမ့်မယ်လို့ မထင်ထားခဲ့လေတော့ ပြည်သူ၊ ပြည်သူချင်း အံအားသင့်ခဲ့ရ။ ပြည်သူတို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ အာဏာရှင်ဆန့်ကျင်ရေး အလံတော်။
မန္တလေးပြည်သူတွေက အာဏာရှင်ဆန့်ကျင်ရေး အလံတော်ကို တလူလူလွှင့်ကာ ဆရာဇော်ရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြတယ်။ ဆရာဇော်ကို လိုက်ပါပို့ဆောင်တဲ့ အစဆုံးယာဉ်က တံခွန်တိုင်အဝိုင်းသို့ ရောက်နေချိန် နောက်ဆုံးယာဉ်က ကျွဲဆည်ကန်အိမ်ကနေ မထွက်ရသေးဘူးလို့ ဒေါင်ဒေါင်မြည် မန္တလေးသားတဦးက အချိန်နဲ့တပြေးညီ သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ သတင်းပေးပို့တယ်။
ရွှေမန်းတင်မောင် နာရေးပြီးရင် ဆရာဇော့်နာရေးက အစည်ကားဆုံးပဲလို့ အသက် ၇၀ ကျော်အရွယ် အဘိုးတဦးက မှတ်ချက်ပြုသတဲ့။ မန္တလေး NLD ရပ်ဝန်းထဲက လူငယ် ယာဉ်တန်းကြီး လမ်းမပေါ် ရွေ့နေချိန်မှာပဲ ဖေ့စ်ဘွတ်ခ်ပေါ်ကနေ ဂုဏ်ယူပစ်လိုက်တယ်။
မန္တလေးပြည်သူတွေဟာ ဆရာဇော့် နောက်ဆုံးခရီးကို အင်တိုက်အားတိုက် လိုက်ပို့ကြရုံတင်မက မန္တလေးသားတွေရဲ့ အာဏာရှင်ဆန့်ကျင်ရေးစိတ်ဓာတ်ကို ဖေ့စ်ဘွတ်ခ် စာမျက်နှာထက် ဓာတ်ပုံတွေနဲ့ ရုပ်သံတွေ မြိုင်မြိုင်လွှင့်ထုတ်ကာ တော်လှန်သော ပြည်သူတွေကို လှုံ့ဆော်ခဲ့ကြတယ်။
ဆရာဇော့်ကို တင်ဆောင်လာတဲ့ကား ကွေ့ချိုးတခုမှာ ဖြည်းဖြည်းလေးကွေ့အလာ အပူရောင် တောက်နေတဲ့ ကတ္တရာလမ်းဘေး ဒူးထောက်ထိုင် ကန်တော့လိုက်ကြတဲ့ ပြည်သူတွေရဲ့ ရုပ်သံမြင်ကွင်းက အဝေးက ပြည်သူတွေပါ မျက်ရည်ကျကြရတယ်။
“ဆရာဇော်ရေ၊ ကျနော်တို့ နောက်ဆုံးအနေနဲ့ ဂါရဝပြုလိုက်ပါတယ်” တဲ့။ ယောကျ်ားရင့်မာကြီးတယောက်ရဲ့ ငိုသံကြီးနဲ့ အသံ၊ မန္တလေးပြည်သူတွေ မျက်ရည်တွေနဲ့၊ စစ်အာဏာရှင်တွေကို ကမ္ဘာမကြေဘူး ဆိုတာတွေနဲ့ ဆရာဇော်ရဲ့ နောက်မဆုတ်စတမ်း အသေခံတိုက်သွားတဲ့ စိတ်ဓာတ်တွေနဲ့။
ဆရာဇော် ဆိုတာ အခုမှ နိုင်ငံရေးနောက်ဖေးပေါက်ကနေ ရောက်လာတဲ့ မိုးကျရွှေကိုယ်မှ မဟုတ်ဘဲ။ ၁၉၉၀ ပြည်သူရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်။ ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာမှာပဲ တရားမဲ့ ထောင်ဒဏ် ၁၉ နှစ်။ ၂၀၀၉ ခုနှစ်ကျမှ ထောင်ထဲကနေ ပြန်လွတ်ပေမဲ့ မုန်တိုင်းကာလ ၁၉ နှစ်ဟာ ဘာကိုမှ မချေမှုန်းပစ်နိုင်ရုံတင်မက အခါခါ မီးဆေးပြီးသား သံမဏိသားကျကျ။ လက်သီးဆုပ်မပျက်၊ ခေါင်းမော့မပျက်။ တိုင်းပြည်အတွက်၊ NLD ပါတီအတွက် ခွန်ပြည့်အားပြည့်နဲ့ ထောင်ထဲက ပြန်ထွက်လာ။
စစ်ရူးတသိုက်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းပွဲ ၂၀၂၁ ခုနှစ်မှာ စတင်တော့ နောက်တကြိမ် ထောင်ထဲ။ ထောင်ဆိုတာ ကျန်းမာရေးကောင်းတဲ့ လူငယ်တယောက်ကိုတောင် ၆ လနဲ့အပြတ် အသက်ထွက်သွားနိုင်တဲ့အထိ ဆိုးရွားရက်စက်လွန်းလှတဲ့နေရာ။ ၂၀၂၁ မှာ ဆရာဇော် ထောင်ထဲရောက်တော့ အသက် ၇၀၊ ကြောက်မက်ဖွယ် သွေးကင်ဆာရောဂါသည်။ ကျန်းမာရေးစောင့်ရှောက်မှု မရှိသလောက်နီးပါး ထောင်ထဲမှာ သွေးကင်ဆာဖြစ်နေတဲ့ ဆရာဇော်အတွက် ဘယ်လောက်ခက်ခဲပင်ပန်းလိုက်လေမလဲ။
ဆရာဇော် ဆိုတာ မန္တလေးတိုင်းဝန်ကြီးချုပ်တင်မက အာဏာရပါတီ NLD ရဲ့ ဒုဥက္ကဋ္ဌ။ ကျန်းမာရေးအကြောင်းပြချက်၊ နိုင်ငံရေးမလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ချက်နဲ့ အသနားခံစာ တစောင်လောက် တင်လိုက်ရင် ဝါဒဖြန့်အမြတ်ထုတ်ဖို့ ချောင်းနေတဲ့ စစ်ကောင်စီအတွက် ပျော်ပျော်ကြီး ပြန်လွှတ်ပေးနိုင်ပေမဲ့ ဆရာဇော် ကြံ့ကြံ့ခံခဲ့တယ်။ ကင်ဆာရောဂါသည် တယောက်ကိုတောင် ကျန်းမာရေးစောင့်ရှောက်မှု ဘာမှမပေးတဲ့ ထောင်ထဲမှာ အချိန်မရွေး ကျသွားနိုင်တာ ဆရာဝန်တယောက်ဖြစ်တဲ့ ဆရာဇော် ဘယ်မသိဘဲ နေလိမ့်မလဲ။ ဒါပေမဲ့ ဆရာဇော် ကိုယ့်ယုံကြည်မှုနဲ့ ပြည်သူကို သစ္စာမဖောက်။ အဲဒါဟာ မြန်မာပြည်သူတွေရဲ့ နွေဦးတော်လှန်ရေးစိတ်ဓာတ်ကို ဆရာဇော် အသက်နဲ့ရင်းကာ အမြင့်ဆုံး လွှင့်ထူခဲ့ခြင်း။
အဲဒါကို မန္တလေးပြည်သူတွေက ကောင်းကောင်းသိကြတယ်။ ပြီးတော့ သူတို့ရဲ့ လက်တွေ့ဘဝကနေ အကောင်းဆုံးသိရှိခဲ့တာ နောက်တခုက ဆရာဇော်ဟာ ယုံကြည်ချက် ခိုင်မာတဲ့ တော်လှန်ရေးသမားကောင်းတယောက်သာမက တိုင်းပြည် ပြန်လည်ထူထောင်ရေး မှာလည်း ဗိသုကာကောင်းတယောက်။
NLD အစိုးရလက်ထက် ၅ နှစ်ဆိုတာ စစ်တပ်က ဗိုလ်ကျခွင့်ရနေတဲ့ အခြေခံဥပဒေ ကန့်သတ်ချက်တွေ၊ စစ်အုပ်စုဝင်တွေရဲ့ ခြေထိုးမှုတွေ၊ ဘဏ္ဍာရေးဆိုင်ရာ အကန့်အသတ်တွေနဲ့ ဘယ်နေရာမှ မကောင်းတဲ့ အိမ်အိုကြီးကို ပြန်လည်ပြုပြင်ဖာထေးခဲ့ရတဲ့ကာလ။ ဒီကြားထဲ အစိုးရအတွေ့အကြုံ လုံးဝမရှိတဲ့ NLD ပါတီက အစိုးရတက်လုပ်ရတာဖြစ်လို့ ဝန်ကြီးချုပ်တွေ မလုပ်တတ်လုပ်တတ် စမ်းတဝါးဝါး။
NLD ဝန်ကြီးချုပ်တချို့ ဇောချွေးပျံနေတဲ့အချိန်၊ တချို့ဝန်ကြီးချုပ်တွေ အဆောင်အယောင်တွေ၊ အာဏာပါဝါတွေနဲ့ ဝန်ကြီးချုပ်အိုင်တင် ထုတ်နေတဲ့အချိန်၊ ကျနော်တို့ ဆရာဇော်က ကျုံးဘေးမှာ အားကစားဘောင်းဘီရှည်နဲ့ စက်ဘီးစီးမပျက်၊ လက်ဖက်ရည်ဆိုင်ထိုင်မပျက်၊ စာအုပ်ဈေးပွဲတော်ထဲ တကိုယ်တော်လွင့်ကာ စာအုပ်တွေ လျှောက်ဝယ်မပျက်။ အဲဒီလို သာမန်ပြည်သူတွေနဲ့မခြား အနေအစားမပျက်ပါဘဲ။ မန္တလေးမြို့တော်ကြီးကို တနိုင်ငံလုံးက အားကျခဲ့တဲ့အထိ စမတ်ကျစေခဲ့တယ်။ NLD အစိုးရလက်ထက် ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဦးဆောင်မှုနဲ့ မန္တလေးမြို့တော်ကြီး နေ့ချင်းကြီးလာတာ မန္တလေးသားတွေ ဘယ်မေ့လိမ့်မလဲ။ ပြောရရင် ဆရာဇော်ဟာ သက်သောင့်သက်သာပဲ ဝန်ကြီးချုပ် လုပ်ပြခဲ့တယ်။
မန်းမှာ မွေးတဲ့ ဆရာဇော် မန္တလေးအကြောင်း ကောင်းကောင်းသိခဲ့သလို မန္တလေး ပြည်သူတွေကလည်း ဆရာဇော်အကြောင်း ကောင်းကောင်းသိခဲ့တယ်။ ဩဂုတ် ၈ ရက်မနက် ပင်လည်ဘူးမြို့ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ခဲ့ကြောင်းလည်း မန္တလေးပြည်သူတွေ ကောင်းကောင်းကြားရ၊ မန္တလေးဆိုတာ သိပ်မဝေးတော့ကြောင်းလည်း မန္တလေးပြည်သူတွေ ကောင်းကောင်းသိကြတယ်။ ဆရာဇော် ကင်ဆာဖြစ်နေပေမဲ့ လုံလောက်တဲ့ ဆေးကုသမှုသာ ရခဲ့ရင် အခုလောက်စောစော ကျဆုံးသွားမှာမဟုတ်ကြောင်းလည်း သိကြတယ်။
ဆရာဇော် ဆိုတာ နွေဦးတော်လှန်ရေးရဲ့ အလံတော်ပဲ။ ဆရာဇော်ဟာ သူ့ရဲ့ နောက်ဆုံးခရီးမှာတောင် တော်လှန်သော ပြည်သူတွေကို စုစည်းပေးခဲ့တယ်။ မြန်မာပြည်သူတွေ မျက်ရည်စက်လက်ကျခဲ့ရပေမဲ့ တော်လှန်ရေးစိတ်ဓာတ်လည်း တက်ကြွခဲ့ကြရတယ်။ မန္တလေးပြည်သူတွေ မတ်မတ်ခိုင်မြဲ ရှေ့သို့ ချီမြဲပဲ။ ဆရာဇော် သိပ်ကျေနပ်နေမှာ သေချာတယ်။