မန္တလေး-မိုးကုတ် လမ်းဟောင်းက ရွှေပြည်ဂိတ်ကို မန္တလေး PDF က ပိတ်ထားတဲ့အတွက် ကားအစီးရေ ရာနဲ့ချီပိတ်မိနေတယ်လို့ ကားသမားတွေထံက သိရပါတယ်။
“ရွှေပြည်ဂိတ်မှာ MDY PDF က ပိတ်ထားတာ ဆယ်ရက်လောက်ကြာနေပြီ။ အကုန်ဒုက္ခရောက်နေကြတယ်။ ပြန်ကွေ့လဲ ကုန်ပစ္စည်းတွေက ဖြတ်မရလို့ ပြန်လှည့်ဖို့ အဆင်မပြေကြပါဘူး။ ကားသမားတွေ ခရီးတွေနဲ့ဂိတ်က ရဲဘော်တွေ ပြဿနာဖြစ်ကြရတယ်။ ဒီနေ့ဆို ကားသမားတွေက ဟွန်းတီးပြီး ဆန္ဒပြကြတယ်။ ဂိတ်က ရဲဘော်တွေပြောတာက TNLA ဘက်က လာကြိုမှ လွှတ်ပေးလို့ရမယ် ပြောတယ်” လို့ မန္တလေးကနေ မိုးကုတ်ကို ကုန်စည်ပို့နေသူတဦးက ပြောပါတယ်။
မိုးကုတ်မြို့ကိုဝင်တဲ့ လမ်းပိုင်းတွေကို စစ်ကောင်စီဘက်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပိတ်ဆို့ထားတဲ့အတွက် မိုးကုတ်မြို့ကို ကုန်စည်စီးဆင်းမှု နည်းပါးနေပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေကာ အခြေခံလူတန်းစားများ အကျပ်အတည်း ဆိုက်နေကြရတယ်လို့ မိုးကုတ်မြို့ခံတွေထံက သိရပါတယ်။
“စစ်ကိုင်းကောင်းမှုတော်မှာ စစ်တပ်ဂိတ်ဖွင့်လိုက်ကတည်းက စစ်တပ်ဂိတ်ကင်းတဲ့ လမ်းက ဖော့တောလမ်းတခုပဲ ရှိပါတော့တယ်။ လမ်းတွေပိတ်ထားလို့ စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတာ။ စီးပွားရေး လုပ်ကိုင်စားသောက်လို့ မရကြတဲ့ အခြေခံလူတန်းစားတွေ ခက်ခဲစွာ ရင်ဆိုင်နေကြရတာပါ” လို့ မိုးကုတ်မြို့ခံတယောက်က ပြောပါတယ်။
ဒီလိုလမ်းတွေ ပိတ်ဆို့လိုက်တာဟာ ကြိုတင်အသိပေးတာမျိုးမရှိခဲ့တာကြောင့် မန္တလေးမြို့ကနေ မိုးကုတ်ကို သွားရောက်သူတွေဟာ ခရီးစရိတ်၊ ဆီဖိုးနဲ့ ကုန်ပစ္စည်းဆုံးရှုံးမှုတွေ ရင်ဆိုင်နေကြရပါတယ်။