Home
ဆောင်းပါး
ဓမ္မဘက်တော်သား ပြည်သူအများစုနဲ့ အဓမ္မဘက်တော်သား ပြည်သူအနည်းစု
DVB
·
October 13, 2024
Design-DVB

နိုင်ငံတော်အာဏာကို လက်နက်အားကိုး လုယက်ခဲ့တဲ့ စစ်အာဏာရှင်တွေဟာ သူတို့ကို ပြည်သူတွေက ထောက်ခံနေပါတယ်လို့ အရှက်မဲ့စွာ အမြဲပြောလေ့ရှိကြပါတယ်။ ထို့အတူပဲ နွေဦးတော်လှန်ရေး အင်အားစုတွေဟာလည်း ပြည်သူ‌မျှော်မှန်းတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု၊ ပြည်သူလူထုနဲ့အတူ၊ ပြည်သူသာအဓိက၊ ပြည်သူကိုဗဟိုပြုကြဆိုပြီး ပြောဆိုသုံးနှုန်းလေ့ ရှိပါတယ်။

ဒီနေရာမှာ နှစ်ဖက်လုံးက ပြောဆိုသုံးနှုန်းနေတဲ့ ပြည်သူလူထု ဆိုတာကို ဆန်းစစ်ခွဲခြားနားလည်ဖို့ လိုအပ်ပါတယ်။ အခြေခံအားဖြင့် ပြည်သူလူထုကို အုပ်စု ၂ စုအဖြစ် ခွဲခြားသတ်မှတ်လို့ ရပါတယ်။ ပထမအုပ်စုက အမှန်တရားကို မြတ်နိုးကြတဲ့ စစ်ကျွန်မခံလိုတဲ့ ဓမ္မဘက်တော်သား ပြည်သူအများစုကြီး ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ အမှန်တရားကို ဆန့်ကျင်ကြပြီး အခွင့်အရေးအတွက် ဒါမှမဟုတ် အသိဉာဏ်အမှောင်ဖုံးခံရတာမို့ စစ်အာဏာရှင်တွေထံ သစ္စာခံကြတဲ့ အဓမ္မဘက်တော်သား ပြည်သူလူနည်းစု ဖြစ်ပါတယ်။

မအလပြောတဲ့ သူ့ကိုထောက်ခံတဲ့ပြည်သူဆိုတာ စစ်တပ်ကျေးဇူးခံ အဓမ္မဘက်တော်သား ပြည်သူလူနည်းစုပဲ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် တနိုင်ငံလုံးမှာ အမာခံစစ်တပ် ခေါင်းမာဂိုဏ်းသားတွေဟာ ၅ ရာခိုင်နှုန်းအောက်မှာသာ ရှိတယ်လို့‌ပဲ ပြောရမှာဖြစ်ပါတယ်။ ကျန်တာက အခကြေးငွေရလို့ လိုက်ပါထောက်ခံနေကြတဲ့ အသပြာနောက်လိုက်၊ အခွင့်ထူးခံခွင့်နောက် လိုက်နေကြတဲ့သူတွေမို့ အခြေအနေမဟန်ရင် စစ်အာဏာရှင်စနစ်ယန္တရားအို အဟောင်းကြီးကို စွန့်ခွာသွားကြမယ့်သူတွေ များပါတယ်။

ဘာကြောင့် ဒီလိုပြောရတာလဲဆိုရင် မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ အတိုက်အခံပါတီအားလုံး ပါဝင်တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ်ရွေးကောက်ပွဲ အပါအဝင် အောက်ပါရွေးကောက်ပွဲ ၄ ခု ကျင်းပခဲ့ရာမှာ ၄ ကြိမ်လုံးမှာ စစ်တပ်ကျောထောက်နောက်ခံပြုတဲ့ နိုင်ငံရေးပါတီတွေ အားလုံးဟာ ခွက်ခွက်လန်အောင် ရှုံးနိမ့်ခဲ့တာချည်းပဲ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP နိုင်ခဲ့တယ်ဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဝင်မပြိုင်နိုင်အောင် ပါတီအမတ်လောင်းတွေကို ဖမ်းဆီးထောင်ချ ညှဉ်းပန်းတားဆီးခဲ့တာမို့ NLD ပါတီမပါဘဲ ပြိုင်ခဲ့ရလို့ နိုင်ခဲ့တာမို့ ပြိုင်ဘက်ကို ကြိုးတဲ့တုပ်ပြီး အပြေးပြိုင် အနိုင်ရခဲ့တဲ့ ကြံ့ဖွံ့ပါတီအနိုင်ရတာ ရှက်စရာအလွန်ကောင်းသလို တရားမဝင်ဘဲ သမိုင်းမှတ်တမ်းဆိုး ကမ္ပည်းထိုးခဲ့တာ မဟုတ်လား။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာဆိုရင် စစ်တပ်ကဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ၅ ဒသမ ၃၆ ရာခိုင်နှုန်းသာ အနိုင်ရခဲ့ပြီး လူထုခေါင်းဆောင် ဒေါ်‌အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၈၀ ရာခိုင်နှုန်း ထိ တောင်ပြိုကမ်းပြို နိုင်ခဲ့တာဖြစ်ပါတယ်။

၁။ ၁၉၉၀ အထွေထွေရွေးကောက်ပွဲ

၁၉၉၀ ပြည့်နှစ် မေလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးမှာ လာရောက်မဲပေးခဲ့သူ ရာခိုင်နှုန်းမှာ ၇၂ ဒသမ ၆ ရာခိုင်နှုန်းထိရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ယှဉ်ပြိုင်ခဲ့တဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ ပါလီမန်ကိုယ်စားလှယ်ထိုင်ခုံနေရာ ၄၉၂ နေရာမှာ ပြည်သူအများစု ထောက်ခံတဲ့ NLD ပါတီက ၃၉၂ နေရာရခဲ့တာမို့ ၇၉ ဒသမ ၆၇ ရာခိုင်နှုန်း အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကိုပဲ သန်းရွှေ ဦးဆောင်တဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ အမည်ခံ နအဖ စစ်ဓားပြအစိုးရက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့သလို အာဏာလွှဲပြောင်းမပေးခဲ့ပါဘူး။

၂။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ

၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နေရာ ၄၀၊ အမျိုးသားလွှတ်တော် ၆ နေရာ၊ ပဲခူးတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးရဲ့ လွှတ်တော်အမတ် ၂ နေရာနဲ့ နောက်တိုးနေရာ စုစုပေါင်း လစ်လပ်နေရာ ၅၄ နေရာအတွက် ရွေးကောက်တင်မြှောက်ခဲ့ကြတဲ့အခါ NLD ပြည်သူ့ပါတီ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၄၄ နယ်မြေအနက် ၄၃ နေရာ အနိုင်ရခဲ့ပြီး ပြည်ထောင်စုလွှတ်တော်မှာဆို ၉၅ ရာခိုင်နှုန်း နီးပါး အနိုင်ရခဲ့တာဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ် လစ်လပ်နယ်မြေကနေ ပါဝင်ခဲ့ရာမှာ မဲရနှုန်း ၉၉ ရာခိုင်နှုန်းခန့်နဲ့ အနိုင်ရခဲ့ပါတယ်။

၃။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ

၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဟာ ပြည်သူ့လွှတ်တော် အမတ်နေရာ ၂၃၈ နေရာနဲ့ ပြည်ထောင်စုလွှတ်တော် ၃၄၈ နေရာ ရရှိခဲ့ပြီး အစိုးရဖွဲ့ဖို့ လိုအပ်တဲ့ အမတ်အရေအတွက်ကို ကျော်လွန်ခဲ့ပြီး အနိုင်ရခဲ့ပါတယ်။

အမျိုးသားလွှတ်တော် ရွေးကောက်ပွဲရလဒ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ၆၀ ဒသမ ၂၇  ရာခိုင်နှုန်းအနိုင်ရခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP က ၅ ဒသမ ၃၆ ရာခိုင်နှုန်းသာ အနိုင်ရခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ အခြားသော တိုင်းဒေသကြီးလွှတ်‌တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားကိုယ်စားလှယ် အားလုံးကိုခြုံရင် NLD ဟာ တောင်ပြိုကမ်းပြိုနိုင်ပြီး မဲအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၄။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်က ကျင်းပခဲ့တဲ့ လူ ၂၇ သန်း မဲပေးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးမှာလည်း NLD ဟာ မဲအားလုံးရဲ့ ၈၃ ရာခိုင်နှုန်း အနိုင်ရခဲ့ပြန်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ကတော့ လွှတ်တော်ကိုယ်စားလှယ်နေရာ ၆ ဒသမ ရာခိုင်နှုန်းသာ ရရှိခဲ့ပါတယ်။ အဲဒီအချိန်တုန်းက စစ်ဓားပြတပ်ဟာ USDP က လွှတ်တော်ကိုယ်စားလှယ်နေရာ ၂၆  ရာခိုင်နှုန်းလောက်တော့ အနည်းဆုံးရနိုင်ပြီး လက်ရှိ လွှတ်တော်တွင်းက စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနဲ့ပေါင်းရင် အစိုးရဖွဲ့နိုင်မယ်လို့ တွက်ဆခဲ့ကြရာက မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားရတာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ သူတို့မျှော်လင့်မထားတဲ့ ရလဒ်မို့ စစ်ကောင်စီအမည်ခံ သမ္မတရူး မအလ ဦးဆောင်တဲ့ ဓားပြဂိုဏ်းက ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုခဲ့ဘဲ လက်နက်အားကိုးလို့ အကြမ်းဖက် အာဏာလုယက်ခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်အချုပ်အခြာအာဏာ ၃ ရပ်ရဲ့ မူလပိုင်ရှင် မိဘပြည်သူအများစုတွေအပေါ် ကမ်းကုန်အောင် မိုက်ရိုင်းရမ်းကားနေတဲ့ စစ်ရာဇဝတ်ကောင်တွေနဲ့‌ ထောက်ခံနေသူ လူနည်းစုတွေရဲ့ စားတဲ့ထမင်း‌စေ့တိုင်းမှာ ပြည်သူ့ကျိန်စာ အဆိပ်သင့်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးချုပ်ရရင် အာဏာရူး မင်းအောင်လှိုင်နဲ့ မကောင်းဆိုးဝါး စစ်ဓားပြဂိုဏ်းဟာ သူတို့ကို ပြည်သူလူထုက ထောက်ခံနေပါတယ်လို့ အရှက်မရှိ ပြောဆိုနေတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ သန်း ၅၀ ကျော် ပြည်သူတွေထဲမှာ တိုင်းပြည်ကို ဆင်းရဲတွင်းနက်စေ၊ ပြည်တွင်းစစ်ငရဲမီးတောက်ထဲ တွန်းချခဲ့တဲ့ စစ်တပ်ကို လိုလားထောက်ခံသူတွေဆိုတာ အမှန်တရားကို လက်မခံကြဘဲ မိမိကိုယ်ကျိုးစီးပွားနဲ့ အခွင့်ထူးခံခွင့်အတွက် ဒါမှမဟုတ် အမျိုးဘာသာ သာသနာကို လွဲမှားစွာ အစွန်းရောက်ချစ်ကြတာမို့ အသိဉာဏ်အမှောင်ဖုံးနေတဲ့ အဓမ္မဘက်တော်သား ပြည်သူလူနည်းစုသာ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင်ဖျက်သိမ်းပြီး လူတိုင်းဘဝ လုံခြုံအေးချမ်းပြီး တိုးတက်ချမ်းသာစေမယ့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်သစ်ကို တည်ဆောက်ဖို့ စိတ်ပိုင်းဖြတ်ထားကြသူတွေဟာ သိတတ်နားလည်ကြတဲ့ ဓမ္မဘက်တော်သား ပြည်သူအများစု ဖြစ်တယ်ဆိုတာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲအားလုံးရဲ့ မဲရလဒ်တွေက သက်သေထူနေပါတယ်။

စစ်ဓားပြဂိုဏ်းဟာ သူတို့ရဲ့ တရားမဝင်မှုကို မရိုးသားတဲ့ နည်းလမ်းတွေနဲ့ တရားဝင်ဖြစ်အောင် လုပ်နိုင်မယ်ထင်ပြီး ‌ပြည်သူအများစုဆန္ဒကို ထင်ဟပ်ထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်မပြုခဲ့ဘဲ အာဏာလုယက်ခဲ့သူတွေက နောက်ထပ် ရွေးကောက်ပွဲ အတုအယောင်တခုကို ကျင်းပဖို့ တိုင်းပြည်ဘဏ္ဍာတွေကို အလဟဿဖြစ်အောင် ယုတ်မာကောက်ကျစ်စွာ ကြိုးပမ်းလာကြပြန်ပြီ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ဖြစ်ပြီး တနိုင်ငံလုံးရဲ့ ၃၀  ရာခိုင်းနှုန်းတောင် မထိန်းချုပ်နိုင်တော့တဲ့ တရားမဝင် အာဏာပိုင်တွေရဲ့ တရားမဝင် သန်းခေါင်စာရင်းကို အသုံးပြုမယ့် တရားမဝင် ရွေးကောက်ပွဲဟာ ပြည်သူလက်မခံတဲ့ တရားမဝင်စစ်တပ်ကို တရားမဝင်မှုတွေကိုပဲ ပြန်လည်ပေးအပ်မှာ ဖြစ်ပါတယ်။ စစ်ကျွန်ပြုဖို့၊ စစ်သန်းခေါင်စာရင်း (သို့) ဒုက္ခပေးဖို့ လူစာရင်း ကောက်ခံခြင်းနဲ့ ကိုယ့်ဖဲကိုယ်ချိုးမယ့် စစ်ကျွန်ရွေးကောက်ပွဲ အတုအယောင်ကို ဓမ္မဘက်‌တော်သား ပြည်သူတိုင်း မြန်မာနိုင်ငံသားတိုင်းက အခြေအနေပေးသလောက် အစွမ်းကုန် တညီတညာတည်း ဝိုင်းဝန်းဆန့်ကျင်ကြရမှာ ဒီနေ့ခေတ်ရဲ့ သမိုင်းပေးတာဝန်ကြီးတရပ် ဖြစ်ပါကြောင်း။

‌မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024